ချန်ပီယံဖြစ်ဖို့ဆိုရင်လမ်းကြောင်းပေါ်လာရှုပ်နေတဲ့ဘယ်အသင်းမဆိုအမုန်းကြိတ်ပြစ်မယ်ဆိုတဲ့စပိန်နည်းပြ

စပိန်အသင်းရဲ့ သမိုင်းစာအုပ်ထဲမှာ မှတ်တမ်း သစ်တစ်ခု ရေးထိုးဖို့အတွက်ကမ္ဘာ့ဖလားချန်ပီယံဆုရဖို့ ဆိုရင် ကိုယ့်ရှေ့မှာလာပြီး အတားအဆီးလုပ်နေတဲ့ အသင်းတွေအကုန်လုံးကို ရန်သူလိုသဘောထားပြီးအလဲထိုးအသေသတ်ကျော်ဖြတ်သွားရမှာ ဖြစ်တယ်လို့ စပိန် နည်းပြ လူးဝစ်အင်းနရစ်က ပြောဆိုလိုက်ပါတယ်။

စပိန်ဟာ အခုညမှာ ဂျပန် နဲ့ အဆုံးအဖြတ်ပွဲစဉ် ကစားရတော့မှာ ဖြစ်ပြီး နောက်တစ်ဆင့် တက်ဖို့အတွက်ဆိုရင် ဒီပွဲမှာအနည်းဆုံး သရေတစ်မှတ်ရဖို့ လိုအပ်နေကာ တစ်ဖက်မှာ အုပ်စု ပထမနေရာကနေပြီး နောက်တစ်ဆင့်တက်လာမယ့် ဘရာဇီးကို ၁၆ သင်းအဆင့်မှာ ရှောင်ရှားချင်တယ်ဆိုရင်တော့ အုပ်စုပထမနေရာကို အရယူဖို့အတွက်ဂျပန်ကို အနိုင်ကစားဖို့ လိုအပ်နေပါတယ်။ ဒါပေမဲ့လည်း စပိန်ဟာ ဂျပန်တစ်သင်းတည်းကိုတင် အနိုင်ကစားဖို့ ရည်ရွယ်ထားတာမျိုး မဟုတ်ဘဲ ပြိုင်ဘက်တစ်လျှောက်လုံးရဲ့ လက်ကျန်ပွဲစဉ်အကုန်လုံးကို အနိုင်ယူဖို့ကြိုးစားမှာ ဖြစ်တယ်လို့ ဘာစီလိုနာ နည်းပြဟောင်းက ဆိုပါတယ်။ ‘’ဘရာဇီးကို ရှောင်ရှားလိုတဲ့ အတွေးစတစ်ခု ကျွန်တော်တို့မှာ ရှိထားပါတယ်။ အဲဒါကို ကျွန်တော်တို့ အလေးအနက် စဉ်းစားဆင်ခြင်သွားမှာပါ။

ဟုတ်ပါတယ်။ ဒုတိယ နေရာလည်း ပိုကောင်းမှာပါလေ။ ဒါပေမဲ့ နှစ်ပွဲစလုံးကရော ဂိုးမရှိ သရေကျတာမျိုး ဖြစ်မှာတဲ့လား။ ဂျပန်နဲ့ ကော်စတာရီကာက တစ်ဂိုးစီ သွင်းလိုက်တာနဲ့ ကျွန်တော်တို့က ထွက်သွားရပြီလေ။

၇ ပွဲစလုံး အနိုင် ကစားဖို့အတွက် ကျွန်တော်တို့ ဒီကို လာခဲ့တာပါဗျ။ အုပ်စု ပထမနေရာ လည်း ကျွန်တော်တို့ လိုချင်တယ်။ အဲဒါက ကျွန်တော်တို့အသင်းဟာ အုပ်စု (F) က ဒုတိယရတဲ့အသင်းနဲ့ ကစားရမယ်လို့ပြောချင်တာမျိုးပေါ့။ ဘာလို့လဲ။ ဒါက အကောင်းဆုံးလေ။ သီအိုရီက ဘယ်လိုပဲရှိရှိ ဘရာဇီးဆိုရင်လည်း ရတယ်။ ဘရာဇီးနဲ့ ကြိတ်ကြတာပေါ့။ ဘောလုံးမှာ လွယ်ကူတယ်ရယ်လို့မှ မရှိတာဗျ။

ကမ္ဘာ့ဖလားကို ရဖို့ဆိုရင် ကိုယ့်လမ်းကို လာပိတ်တဲ့ကောင်မှန်သမျှ အကုန် ကြိတ်ရမှာပဲ’’ လို့ အင်းနရစ်က ဂျပန်နဲ့ ကစားမယ့် ပွဲစဉ်အတွက် သတင်းစာ ရှင်းလင်းပွဲမှာ ပြောသွားခဲ့တာပဲ ဖြစ်ပါတယ်။သူပြောထားသလိုပဲ ယနေ့ညမှာ ဂျပန်ကိုအပီပြင်ကြိတ်နိုင်မလား ဂျပန်ကပဲ ပြန်ကြိတ်သွားမလားဆိုတာ စောင့်ကြည့်ကြတာပေါ့။

 

Be the first to comment

Leave a comment

Your email address will not be published.


*