မော်ရိုကိုအားရှုံးနိမ့်ပြီးနောက်ထိတ်လန့်ဖွယ်အကြမ်းဖက်မှုတွေပြုလုပ်ခဲ့ကြတဲ့ ဘယ်လ်ဂျီယံပရိတ်သတ်များ

ဘယ်လ်ဂျီယံအသင်းက မော်ရိုကိုအသင်းကို နှစ်ဂိုးပြတ်ရှုံးနိမ့်ပြီးနောက် ဘယ်လ်ဂျီယံနိုင်ငံရဲ့ မြို့တော်ဘရပ်ဆဲလ်မှာ အကြမ်းဖက်မှုတွေ ပေါ်ပေါက်လာခဲ့ပြီး ရဲတပ်ဖွဲ့က အနည်းဆုံး လူ ၁၁ ဦးကို ဖမ်းဆီးထိန်းသိမ်းခဲ့ထားခဲ့ရပါတယ်။

ကာတာကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ အုပ်စုပွဲစဉ်အဖြစ် ဘယ်လ်ဂျီယံနဲ့ မော်ရိုကိုတို့ ယှဉ်ပြိုင်ကစားခဲ့ရာ မော်ရိုကိုက အံ့ဖွယ်နှစ်ဂိုးပြတ်အနိုင်ရပြီးနောက် ဘရပ်ဆဲလ်မြို့လယ်မှာ ဘောလုံးပရိသတ်တွေဟာစိတ်မထိမ်းနိုင်ကြတော့ပဲ ဒေါသအိုး ပေါက်ကွဲခဲ့ကြတာပါ။ ထို့နောက်မှာတော့ ဒါဇင်နဲ့ချီတဲ့ ဘယ်လ်ဂျီယံပရိသတ်တွေက ဈေးဆိုင်မှန်တံခါးများ ရိုက်ခွဲဖျက်ဆီးခြင်း၊ မီးရှုးမီးပန်းများ ပစ်လွှတ်ခြင်းနဲ့ မော်တော်ကားမီးရှို့ခြင်းစသည့် အကြမ်းဖက်မှုတွေ ကျူးလွန်ခဲ့ရာ သက်ဆိုင်ရာရဲတပ်ဖွဲ့က မီးသတ်ပိုက်၊ မျက်ရည်ယိုဗုံးများ အသုံးပြုပြီး လူစုခွဲနှိမ်နင်းခဲ့ရပါတယ်။

“ခေါင်းစွပ်အင်္ကျီဝတ်ဆင်ထားတဲ့ လူအချို့အပါအဝင် လူပေါင်းများစွာက အများပြည်သူလုံခြုံရေးကို ထိခိုက်ပျက်စီးစေပြီး ရဲတပ်ဖွဲ့နဲ့ ထိပ်တိုက်တွေ့ခဲ့ပါတယ်။ ဒီလူတွေဟာ တုတ်တွေကို ကိုင်ဆောင်ထားပြီး သတင်းရယူနေတဲ့ သတင်းထောက်တစ်ဦးကိုလည်း မီးရှုးမီးပန်းဖြင့်ပစ်ပေါက်ခဲ့သောကြောင်​့ မျက်နှာမှာ ဒဏ်ရာရခဲ့ပါတယ်” လို့ ဘရပ်ဆဲလ်မြို့တော်ရဲတပ်ဖွဲ့ပြောရေးဆိုခွင့်ရှိသူက ဆိုပါတယ်။

တာဝန်ရှိသူတွေက မြို့တော်ရဲ့နေရာအချို့ကို ဖြတ်သန်းသွားလာခွင့်ပိတ်ပင်ခဲ့ပြီး အခြေအနေတွေကို ထိန်းချုပ်နိုင်ဖို့ ရဲတပ်ဖွဲ့ဝင် ၁၀၀ ဝန်းကျင်ကို အသုံးပြုခဲ့ရပါတယ်။ အကြမ်းဖက်မှုတွေ ကျယ်ပြန့်လာနိုင်ခြင်းကို တားဆီးဖို့ မြေအောက်ဘူတာရုံတွေကို ပိတ်ထားခဲ့ရသလို လမ်းတွေကိုလည်း ပိတ်ဆို့ထားခဲ့ပါတယ်။ ဒါ့အပြင် ရဲတပ်ဖွဲ့ရဟတ်ယာဉ်တစ်စီးက အကြမ်းဖက်မှုတွေကို ထောက်လှမ်းနိုင်ဖို့ မြို့တော်ပေါ်မှာ ပျံသန်းနေခဲ့ပြီး ညပိုင်းမှာတော့ သက်ဆိုင်ရာတာဝန်ရှိသူတွေက ဘရပ်ဆဲမြို့တော်ရဲ့ အခြေအနေကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ပါတယ်။

ကွင်းဆင်းသတင်းရယူခဲ့တဲ့ AFP သတင်းထောက်ရဲ့အဆိုအရ အကြမ်းဖက်သူတွေဟာ မော်တော်ကားတစ်စီး၊ လျှပ်စစ်စကူတာတွေနဲ့ အမှိုက်ပုံးတွေကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ သိရပါတယ်။

ဘရပ်ဆဲလ်မြို့တော်ဝန် ကလို့စ်က “ဒီနေ့အဖြစ်အပျက်တွေနဲ့ပတ်သက်လို့ ပြင်းပြင်းထန်ထန် ရှုံ့ချကြောင်း ပြောကြားလိုပါတယ်။ ရဲတပ်ဖွဲ့က အခြေအနေတွေကို ထိန်းချုပ်နိုင်ဖို့ ကြိုးပမ်းခဲ့ရပါတယ်။ ဒါကြောင့် ပရိသတ်တွေအနေနဲ့ မြို့လယ်ခေါင်ဆီမသွားလာဖို့ အကြံပြုချင်ပါတယ်။ သက်ဆိုင်ရာ ရဲတပ်ဖွဲ့အနေနဲ့ အများပြည်သူရဲ့အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ်စောင့်ရှောက်ဖို့ လုပ်စရာရှိတာတွေအကုန် လုပ်ဆောင်နေပါပြီ။ အကြမ်းဖက်မှုကျူးလွန်သူတွေကိုလည်း ဖမ်းဆီးဖို့ ရဲတပ်ဖွဲ့ကို ကျွန်တော်အမိန့်ပေးထားပါတယ်”လို့ Twitter လူမှုကွန်ရက်မှတဆင့် ရေးသားပြောဆိုခဲ့ပါတယ်။

ကာတာကမ္ဘာ့ဖလားရဲ့ အုပ်စုပွဲစဉ် ၂ ပွဲကစားပြီးချိန်မှာ ဘယ်လ်ဂျီယံလက်ရွေးစင်အသင်းက ရမှတ် ၃ မှတ်သာ ရရှိသေးပြီး ရှုံးထွက် ၁၆ သင်းအဆင့်တက်ရောက်နိုင်ဖို့ ခရိုအေးရှားနဲ့ အုပ်စုနောက်ဆုံးပွဲစဉ်မှာ ရလဒ်ကောင်းရရှိဖို့ လိုအပ်နေပါတယ်။

ယဥ်ကျေးမှုရှိတယ်တယ်လို့ ဥရောပအသိုင်းဝိုင်းဟာ မည်ကြီးနေပေမဲ့ ယခုလုပ်ရပ်ကြောင့် အကျည်းတန်သွားခဲ့ရပါပြီ။

Be the first to comment

Leave a comment

Your email address will not be published.


*