ဂါရက်ဆောက်ဂိတ် အနေနဲ့ လာမည့် အင်္ဂါနေ့ ဝေးလ်နဲ့ ကစားရမယ့် အင်္ဂလန်ရဲ့ ကမ္ဘာ့ဖလား အုပ်စုနောက်ဆုံး ပွဲစဉ်မှာ ကစားသမား ၃ ဦးကိုလုံးဝမသုံးပဲ အပြောင်းအလဲ လုပ်သွားသင့်တယ်လို့ ဆိုလိုက်ပြီး အင်္ဂလန်ရဲ့ ကမ္ဘာ့ဖလား အခွင့်အရေးကိုလည်း မန်ယူဂန္တဝင် ဝိန်းရွန်နီက သုံးသပ်သွားခဲ့ပါတယ်။ အင်္ဂလန်ဟာ ကမ္ဘာ့ဖလား အုပ်စုအဖွင့်ပွဲစဉ်မှာ အီရန်ကို ၆-၂ နဲ့ အနိုင်ရရှိခဲ့ပေမယ့်လည်း ပြီးခဲ့တဲ့ သောကြာနေ့ကတော့ ကစားပုံ ညံ့ဖျင်းခဲ့ကာ ယူအက်စ်အေနဲ့ ဂိုးမရှိသရေကျခဲ့ပါတယ်။
ဆောက်ဂိတ်ရဲ့ အသင်းဟာ နောက်တဆင့်ကို တက်ရောက်ရန် သေချာတဲ့ အနေအထားမှာ ရှိနေပေမယ့်လည်း USA နဲ့ ပွဲမှာ သရေကျခဲ့တဲ့ ပုံစံကတော့ ကမ္ဘာ့ဖလား မျှော်လင့်ချက်အတွက် အားရစရာ မရှိပါဘူး။ အင်္ဂလန်ရဲ့ သမိုင်းတစ်လျှောက် သွင်းဂိုးအများဆုံး ကစားသမား ဖြစ်သူ ရွန်းနီက အင်္ဂလန်ဟာ ကမ္ဘာ့ဖလား ဆွတ်ခူးနိုင်စွမ်း ရှိနေပေမယ့်လည်း ဝေးလ်နဲ့ ပွဲစဉ်မှာတော့ ဆောက်ဂိတ်အနေနဲ့ အပြောင်းအလဲတွေ ပြုလုပ်သွားရန် တိုက်တွန်းလိုက်ပါတယ်။
မန်ယူနိုက်တက် တိုက်စစ်မှုးဟောင်းက ဆောက်ဂိတ် အနေနဲ့ ဝေးလ်နဲ့ပွဲမှာ ဟယ်ရီကိန်းကို အနားပေးကာ ခြေစွမ်းပြနိုင်ခြင်း မရှိတဲ့ မေဆင်မောင့် ကိုတော့ ပွဲထွက်စာရင်းကနေ ချန်လှပ်သွားသင့်တယ်လို့ အကြံပေးလိုက်ပါတယ်။ ဒါ့အပြင် ဖိုဒန်ကိုလည်း ပွဲထွက်စာရင်းမှာ အသုံးပြုသွားသင့်တယ်လို့ ဆိုလိုက်ပါတယ်။
အမေရိကန်နဲ့ ပွဲစဉ်အပြီးမှာ ဆောက်ဂိတ်ဟာ ဒီရာသီ မန်စီးတီးမှာ အထူး ခြေစွမ်းပြနေတဲ့ ဖိုဒန်ကို လျစ်လျူရှုခဲ့မှုအပေါ် လူတော်တော်များများ ဝေဖန်နေကြပါတယ်။
ရွန်းနီက “အင်္ဂလန်ရဲ့ ကစားပုံဟာ ပြီးခဲ့တဲ့ အမေရိကန်နဲ့ ပွဲမှာ မကောင်းခဲ့ပါဘူး။ ကမ္ဘာ့ဖလားကို ဆွတ်ခူးနိုင်ရန် အခွင့်အရေး ရှိဖို့အတွက် သူတို့ ဒီထက် ပိုကောင်းအောင် ကစားသွားဖို့ လိုအပ်တယ်ဆိုတဲ့ အချက်ကတော့ ငြင်းလို့ မရနိုင်ပါဘူး။ အင်္ဂလန် အနေနဲ့ တကယ့်ကို အံ့ဖွယ်ဖြစ်ရပ်ကို ကြုံတွေ့မှသာ နောက်တဆင့်နဲ့ လွဲချော်မယ့် အခြေအနေဖြစ်တာကြောင့် ဝေးလ်နဲ့ ပွဲစဉ်မှာ ဂါရက်ဆောက်ဂိတ် အနေနဲ့ လူအပြောင်းအလဲတွေ လုပ်သွားဖို့ လိုအပ်ပါတယ်။ ဒီပြိုင်ပွဲမှာ အသုံးမပြုရသေးတဲ့ ကစားသမားတွေကို ပွဲကစားခွင့် ပေးဖို့ အတွက် ဒါဟာ အရမ်းကောင်းတဲ့ အခွင့်အရေး ဖြစ်ပါတယ်။
ကစားသမားအပြောင်းလဲမလုပ်ပဲ ယခင်လူစာရင်းအတိုင်း ခေါင်းမာပြီးဆက်သုံးနေမယ်ဆိုရင်တော့ အုပ်စုအဆင့်ကတက်ကောင်း တက်လိမ့်မယ် ဆုဖလားအနားတော့ ကပ်နိုင်မှာမဟုတ်ဘူးလို့ အဂ်လန်တိုက်စစ်မှူးဟောင်းက သုံးသပ် အကြုံပြုသွားခဲ့ပါတယ်။
အသုံးပြုသွားဖို့ လိုအပ်တဲ့ ကစားသမား စာရင်းရဲ့ ထိပ်ဆုံးနေရာမှာ ဖိုဒန် ရှိနေပါတယ်။ ဖိုဒန်ကို USA နဲ့ ပွဲမှာ လူစားဝင် ကစားသမား အဖြစ်တောင် အသုံးမပြုတာကတော့ ထူးဆန်းပါတယ်။ ကျနော်သာ အင်္ဂလန် နည်းပြဆိုရင် သူ့ကို ပွဲထွက် ၁၁ ယောက်မှာ အဓိက ကစားသမား အနေနဲ့ အသုံးပြုသွားမှာပါ။ နည်းစနစ်ပိုင်းမှာ သူဟာ အင်္ဂလန်ရဲ့ အကောင်းဆုံး ကစားသမား ပါပဲ။ အသင်းမှာ ဖိုဒန်လို ကစားသမားမျိုး ရှိနေတယ်ဆိုရင် သူ့ကို မဖြစ်မနေ ကစားခိုင်းရမှာပါ။ သူဟာ ယူရို ၂၀၂၀ က အင်္ဂလန်အတွက် ခြေစွမ်းမပြနိုင်ခဲ့တဲ့ ကစားသမားမျိုး မဟုတ်တော့ဘဲ အများကြီး ခြားနားသွားပါပြီ။
သူဟာ ပိုမို ရင့်ကျက်လာကာ ဒီရာသီ မန်စီးတီးမှာ ပြသနေတဲ့ အကောင်းဆုံး ပုံစံနဲ့ ဒီပြိုင်ပွဲကို ရောက်လာခဲ့တာပါ။ ကျနော်သာ သူ့နေရာမှာဆိုရင် ပြီးခဲ့တဲ့ သောကြာနေ့က USA နဲ့ပွဲမှာ လုံးဝ ကစားခွင့် မရခဲ့တဲ့ အပေါ် စိတ်ပျက်နေမှာပါ။ ကျနော့်ရဲ့ ပွဲထွက် ၁၁ ယောက်ကတော့ ဖိုဒန်က ဘယ်ခြမ်းတိုက်စစ် နဲ့ စတားလင်းနဲ့ ဆာကာ တို့ကို ညာခြမ်းအတွက် ပြိုင်စေချင်ပါတယ်။ ဘယ်လင်ဟမ်ကို နံပါတ် ၁၀ နေရာ တက်ကစားခိုင်းဖို့အတွက် နောက်ထပ် holding midfielder တစ်ဦးကို ကစားစေပါမယ်။” လို့ ဆိုလိုက်ပါတယ်။
ဆက်လက်ပြီး ရွန်းနီက “ဝေးလ်နဲ့ပွဲစဉ်အတွက် ဆိုရင်တော့ ကျနော် မေဆင့်မောင့်ကို ထုတ်ကာ ကယ်ဗင်ဖီးလစ် ဒါမှမဟုတ် ဟန်ဒါဆန် ကို ကစားစေမှာပါ။ မောင့်ဟာ အီရန်နဲ့ပွဲမှာ ကစားပုံကောင်းခဲ့တာကို ကျနော်သိပါတယ်။ သူဟာ work rate နဲ့ energy ကို ကောင်းကောင်းပေးနိုင်သူပါ။ ဒါပေမယ့် တစ်ခါတစ်ရံ ပွဲကို လွှမ်းမိုးကာ ထိန်းချုပ်ပေးနိုင်တဲ့ ကစားသမားမျိုး လိုအပ်ပါတယ်။ ဒါ့ကြောင့်လည်း ကျနော်သာ အင်္ဂလန် မန်နေဂျာဆိုရင် ဖိုဒန်ကို အသုံးပြုမယ်လို့ ပြောရတာပါ။
ဝေးလ်နဲ့ပွဲအတွက် နောက်ထပ် အပြောင်းအလဲက ဟယ်ရီကိန်းကို အနားပေးတာပါပဲ။ သူဟာ အီရန်နဲ့ပွဲက ဒဏ်ရာကြောင့် ယူအက်စ်နဲ့ပွဲမှာ ရုန်းကန်နေခဲ့ရပါတယ်။ ကိန်းဟာ အရေးပါတဲ့ ကစားသမား ဖြစ်တာကြောင့် ဆောက်ဂိတ်ဟာ အီရန်နဲ့ပွဲမှာ သူ့ကို ဒီထက်စောစော လူစားလဲသင့်ပါတယ်။
သူ့ကို ကာကွယ်ဖို့ အခွင့်အရေး ရလာတဲ့အချိန်မှာ ဆောက်ဂိတ် အနေနဲ့ ဒီအခွင့်အရေးကို အသုံးချသွားမယ်လို့ ထင်ပါတယ်။ ဒါ့ကြောင့်လည်း ဝေးလ်နဲ့ပွဲမှာ သူ့ကို အရန်ခုံမှာပဲ ထားမယ်လို့ ကျနော် ပြောတာပါ” လို့ ဆိုလိုက်ပါတယ်။
Be the first to comment