ကမ္ဘာ့ဖလား ပြိုင်ပွဲဟာ အုပ်စုအဆင့်ရဲ့ ဒုတိယအပတ် ထဲကို ရောက်ရှိလာခဲ့ပြီ ဖြစ်ကာ ပရိတ်သတ်တွေ ရင်ခုန်စိတ်လှုပ်ရှားရမယ့် ရှုံးထွက်အဆင့် ပွဲစဉ်တွေက မကြာမီ ရောက်ရှိလာတော့မှာ ဖြစ်ပါတယ်။ အုပ်စုပွဲစဉ်တွေ ပြီးဖို့ အတွက် ပွဲတွေ အများကြီး ကစားရဖို့ ကျန်နေသေးပေမယ့်လည်း နောက်ဆုံး ၁၆ သင်း အဆင့်ကို ဘယ်အသင်းတွေ တက်ရောက်ဖို့ များနေသလဲ? ဘယ်အသင်းတွေ နောက်တဆင့် တက်ဖို့ ရုန်းရအုံးမလဲ? ဆိုတာ တစ်ဖြည်းဖြည်း ရုပ်လုံးတော့ပေါ်လာခဲ့ပြီပဲဖြစ်ပါတယ်။
နောက်တဆင့်ကို တက်ဖို့ အတွက် ရုန်းကန်ရမယ့် အသင်းတွေ အနေနဲ့ပြိုင်ဘက်အသင်း ရလဒ်တွေက ကိုယ့်ဘက်မှာ ရှိနေဖို့ လိုအပ်သလို ကိုယ့်ကံကြမ္မာ ကိုလည်း ကိုယ်တိုင် ဖန်တီးယူရမှာ ဖြစ်ပါတယ်။ အုပ်စုပွဲစဉ်တွေ အပြီးမှာ ရမှတ်တူညီတဲ့ အသင်းတွေ ရှိတဲ့ အုပ်စုတွေ ရှိလာမှာကတော့အသေချာပါပဲ ။ ဒီနေရာမှာ နောက်တဆင့် တက်ဖို့ အတွက် ဂိုးကွာခြားချက်က အဆုံးအဖြတ် ပေးမှာလား? head-to-head က အဆုံးအဖြတ် ပေးသွားမှာလား ဆိုတာ အားလုံးပဲသိချင်ကြမယ်ထင်ပါတယ်။
အသင်းတိုင်းဟာ အုပ်စု ပွဲစဉ် ၃ ပွဲသာ ကစားရမှာ ဖြစ်တာကြောင့် တစ်ချို့ အသင်းတွေဟာ ရမှတ်တွေ တူညီမှု ရှိနေကြမှာတော့ သေချာပါတယ်။ လွန်ခဲ့တဲ့ ၄ နှစ်က ရုရှားကမ္ဘာ့ဖလားမှာ အုပ်စု ၃ ခုမှာ အမှတ်တူ အသင်းတွေ ထွက်ပေါ်လာခဲ့သလို ၂၀၁၄ ဘရာဇီး ကမ္ဘာ့ဖလား တုန်းကလည်း အမှတ်တူ အသင်းတွေ ပါ၀င်တဲ့ အုပ်စု ၂ ခု ရှိခဲ့ပါတယ်။
ပထမဦးဆုံး အနေနဲ့ အုပ်စု ပွဲစဉ် ၃ ပွဲ ကစားပြီးတဲ့ အချိန်မှာ ရမှတ်တူညီမှု ရှိတဲ့ အသင်းတွေကို ဂိုးကွာခြားချက်နဲ့ အဆုံးအဖြတ် ပေးမှာ ဖြစ်ပါတယ်။ ဂိုးကွာခြားချက် ပိုမို ကြီးမားတဲ့ အသင်းဟာ ဂိုးကွာခြားချက် နည်းပါးတဲ့ အသင်းကို ကျော်ကာ နောက်တဆင့်ကို တက်ရောက်မှာ ဖြစ်ပါတယ်။ အကယ်လို့များ ဒီနှစ်သင်းစလုံးက ဂိုးကွာခြားချက် တူညီနေခဲ့မယ် ဆိုရင် သွင်းဂိုးများတဲ့ အသင်းကို ဦးစားပေးသွားမှာ ဖြစ်ပါတယ်။ အုပ်စု ပွဲစဉ် ၃ ပွဲ အပြီးမှာ သွင်းဂိုးပမာဏ ပိုမိုများပြားတဲ့ အသင်းဟာ သွင်းဂိုးနည်းပါးတဲ့ အသင်းကို ကျော်ကာ နောက်တဆင့်ကို တက်သွားမှာပါ။
head-to-head record ကို ဘယ်လို အချိန်မှာ အသုံးပြုမှာလဲ?
ဖြစ်နိုင်ခြေ နည်းပါးပေမယ့် အကယ်၍များ အသင်း ၂ သင်းက ဂိုးကွာခြားချက် နဲ့ သွင်းဂိုး ၊ ပေးဂိုးတွေ တူညီနေခဲ့မယ်ဆိုရင် head-to-head record နဲ့ အဆုံးအဖြတ် ပေးမှာ ဖြစ်ပါတယ်။ အကယ်လို့များ အသင်း ၃ သင်းက အမှတ်တွေ တူညီနေခဲ့မယ်ဆိုရင် ဒီ ၃ သင်းကြား ကစားထားခဲ့တဲ့ ပွဲစဉ်တွေကြားက ဂိုးကွာခြားချက်ကို ကြည့်ကာ နောက်ဆုံး ၁၆ သင်း တက်မယ့် အသင်းကို ဆုံးဖြတ်သွားမှာပါ။
ဂိုးကွာခြားချက် ကော head-to-head နဲ့ပါ မဆုံးဖြတ်နိုင်ဘူးဆိုရင်ကော?
အကယ်၍ head-to-head ကို ကြည့်ပြီးတာတောင်မှ နောက်တဆင့် တက်ရောက်နိုင်မယ့် အသင်းကို အဆုံးအဖြတ် မပေးနိုင်သေးဘူးဆိုရင် Discipline points ပိုနည်းတဲ့ အသင်းက ပိုများတဲ့ အသင်းကို ကျော်ကာ နောက်တဆင့်ကို တက်နိုင်မှာ ဖြစ်ပါတယ်။
Discipline points တွေကိုတော့ ယခုလိုပဲ တွက်ချက်တာ ဖြစ်ပါတယ်။
အဝါကတ် – ၁ မှတ်
နှစ်ဝါ တစ်နီ – ၃ မှတ်
တိုက်ရိုက်အနီ – ၄ မှတ်
အဝါကတ်ထိထားပြီးနောက် တိုက်ရိုက်အနီကတ် ပြသခံရခြင်း – ၅ မှတ်
အကယ်၍ fair play points တွေနဲ့မှ နောက်တဆင့် တက်နိုင်မယ့် အသင်းကို မဆုံးဖြတ်နိုင်ဘူး ဆိုရင်တော့ နောက်ဆုံး အနေနဲ့ နောက်တဆင့် တက်မယ့် အသင်းကို မဲခွဲဆုံးဖြတ်သွားမှာ ဖြစ်ပါတယ်။
အထက်ပါစဥ်းမျဥ်းတွေကို ကြည့်ပြီး အမှတ်တူတဲ့ အသင်းတွေရှိလာခဲ့ရင် ဘယ်အသင်းနောက်တစ်ဆင့်တက်သွားမလဲ ဆိုတာကို ကိုယ်တိုင်ကိုယ်ကျဆုံးဖြတ်လို့ရလောက်ပြီထင်ပါတယ်။
Be the first to comment