ဖီဖာမှနုတ်ထွက်ရေးအတွက်အခြားဥရောပဘောလုံးအဖွဲ့ချုပ်ဝင်များနှင့်ဆွေးနွေးမှုများပြုလုပ်ရန် ဒိန်းမတ်အသင်းက စီစဉ်နေပါတယ်။ဒိန်းမတ်၊အင်္ဂလန်၊ဂျာမနီ၊ဝေးလ်၊ဘယ်လ်ဂျီယံ၊ဆွစ်ဇာလန်၊နယ်သာလန်တို့နှင့်အတူကမ္ဘာ့ဖလားပြိုင်ပွဲတွင် One Love အသင်းခေါင်းဆောင်လက်ပတ်ဝတ်ဆင်ရန်စီစဉ်ထားခဲ့ပေမဲ့လည်းအသင်းခေါင်းဆောင်များမှာကွင်းသို့ခြေမချမီမှာပင် အဝါကတ်ပြသခံရခြင်း(သို့မဟုတ်)ပွဲပယ်ခံရခြင်းကြုံရနိုင်တာကြောင့်နောက်ဆုတ်ခဲ့ရပါတယ်။
ယခုအခါဒိန်းမတ်ဘောလုံးအဖွဲ့ချုပ်ဥက္ကဌဂျက်စ်ပါမိုလ်လာကအင်္ဂလန်အပါအဝင်ဥရောပဘောလုံးအဖွဲ့ချုပ်ဝင်၅၅နိုင်ငံတို့နှင့်အတူ ဖီဖာထံမှ နုတ်ထွက်ရေးအတွက်ဆွေးနွေးလာတော့မှာဖြစ်ကြောင်းအတည်ပြုလာပါတယ်။
ဒိန်းမတ်ဘောလုံးအဖွဲ့ချုပ်ဟာ One Loveအသင်းခေါင်းဆောင်လက်ပတ်ဝတ်ဆင်ပါက နိုင်ငံအသင်း ၇ သင်း အသင်းခေါင်းဆောင်တို့ကို အားကစားဆိုင်ရာပြစ်ဒဏ်ချမှတ်မယ်လို့ဖီဖာကခြိမ်းခြောက်လာမှုအပေါ်အကြီးအကျယ်ဒေါသထွက်နေတာလည်းဖြစ်ပါတယ်။တဖက်တွင်ဒိန်းမတ်ဘောလုံးအဖွဲ့ချုပ်ဟာဖီဖာဥက္ကဌအဖြစ်ပြန်လည်ရွေးချယ်ခံရမယ့်ဂျီယန်နီအင်ဖန်တီနိုကိုလည်းမထောက်ခံတဲ့အဖွဲ့ချုပ်ဖြစ်ပါတယ်။
ဂျာမနီအသင်းဟာဖီဖာက One Loveအသင်းခေါင်းဆောင်လက်ပတ်ပိတ်ပင်မှုအားဂျပန်ကို၂-၁ဂိုးဖြင့်ရှုံးနိမ့်တဲ့ပွဲမတိုင်မီအသင်းလိုက်ဓာတ်ပုံရိုက်ကူးရာတွင်ပါးစပ်ကိုလက်ဖြင့်ပိတ်ပြီးဆန္ဒထုတ်ဖော်မှုပြုလုပ်ခဲ့ကြပါတယ်။ဒါ့အပြင်ဂျာမနီနိုင်ငံရေးသမားနန်စီဖေဆာဟာOne Love အသင်းခေါင်းဆောင်လက်ပတ်ဝတ်ဆင်ပြီးဖီဖာဥက္ကဌအင်ဖန်တီနိုနှင့်အတူဂျာမနီနှင့်ဂျပန်ပွဲကိုကြည့်ရှုခဲ့ပါတယ်။
ဒါ့အပြင်ဒိန်းမတ်ဝန်ကြီးချုပ်ဟယ်လီသော်နင်းရှမစ်မှာလည်းဒိန်းမတ်နှင့်တူနီးရှားပွဲစဉ်တွင်သက်တန့်ရောင်ပါ အပြာရောင်ဝတ်စုံဝတ်ဆင်ကြည့်ရှုခဲ့ပါသေးတယ်။
ဘယ်လ်ဂျီယံအသင်းမှာလည်းဖီဖာရဲ့သက်တန့်ရောင်နှင့် One Love ပိတ်ပင်မှုကြောင့် Love ဆိုတဲ့စာသားပါအဝေးကွင်းဝတ်စုံကိုပြောင်းလဲခဲ့ရတဲ့အပြင်ပွဲမတိုင်မီဝတ်စုံကိုလည်းပြောင်းလဲမှုပြုလုပ်ခဲ့ရပါတယ်။
ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် ဖီဖာနဲ့ ဥရောပအခြေစိုက်အသင်းများကြား ဆက်ဆံရေးကတော့ တစ်နေ့တစ်ခြား ပိုဆိုးလာပြီလို့ ပြောရတော့မှာပဲ ဖြစ်ပါတယ်။
Be the first to comment