ပြင်သစ်အသင်းနည်းပြ ဒက်ချမ့်က ဒဏ်ရာရသွားတဲ့ တိုက်စစ်မှူး ဘန်ဇီမာရဲ့ နေရာကို အစားထိုးမှု ပြုလုပ်မှာ မဟုတ်ဘဲ တစ်ယောက်လျော့နေတဲ့ လက်ရှိ လူစာရင်းဖြင့်ပဲ ကမ္ဘာ့ဖလားကို ပါဝင် ယှဉ်ပြိုင်သွားမယ်လို့ သတ္တိရှိစွာနဲ့ ထုတ်ပြောလာခဲ့ပါတယ်။
ဘင်ဇီမာဟာ စနေနေ့ညက ကာတာမှာ ပြုလုပ်တဲ့ အသင်းလိုက် လေ့ကျင့်ရေးမှာ ပေါင်ဒဏ်ရာ ရခဲ့တာဖြစ်ပါတယ်။ ချက်ခြင်းပဲ ဒဏ်ရာကို စကန်ဖတ်ခဲ့ကာ ပြိုင်ပွဲကြီး တစ်လျှောက်လုံးကို လွဲချော်မယ်လို့ ဘလွန်းဒီအော ဆုရှင် အသက် ၃၄ နှစ်အရွယ် တိုက်စစ်မှုးကြီး ကိုယ်တိုင်ပဲ အတည်ပြုခဲ့တာ ဖြစ်ပါတယ်။
တိုက်စစ်မှူး ဘန်ဇီမာဟာ ပြင်သစ် လူစာရင်းကနေ ထွက်ဖို့ကို ခပ်လွယ်လွယ် ဆုံးဖြတ်ခဲ့တာ မဟုတ်ဘဲ ချန်ပီယံဆုကို ကာကွယ်ရေးမှာ အသင်း အကူအညီဖြစ်ဖို့ နှုတ်ထွက်မယ် ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။ ဒါကြောင့်ပဲ ပြင်သစ်အသင်းဟာ အစားထိုးဖို့ လူသစ် တစ်ဦး ခေါ်ယူခွင့် ရထားခဲ့ပါတယ်။
ဘန်ဇီမာနေရာ ဘယ်သူနဲ့ အစားထိုးမလဲဆိုတဲ့ မေးခွန်းအတွက် ပြင်သစ် နည်းပြ ဒက်ချမ့်က “ အစားမထိုးဘူး” လို့ ယတိပြတ် ဖြေဆိုခဲ့ပါတယ်။ မာတင် တီရာရီ၊ ဘန်ရက်ဒါနဲ့ မိုဆာ ဒီယာဘီတို့ ရှိနေသေးပေမယ့် အစားမထိုးဖို့ ရွေးချယ်ခဲ့တဲ့ နည်းပြ ဒက်ချမ့်ရဲ့ ဆုံးဖြတ်ချက်ဟာ အံ့အားသင့်စရာ ဖြစ်လာခဲ့တယ်။
ပြင်သစ်နည်းပြကပဲ လက်ရွေးစင် အသင်းမှာ တိုက်စစ်ပိုင်း လူလုံလုံလောက်လောက် ရှိနေတာကြောင့် လက်ရှိ လူစာရင်း ၂၅ ဦးဖြင့်ပဲ ရှေ့ဆက်မယ်လို့ ဆိုပါတယ်။ ပြင်သစ်အသင်းဟာ ကန်တေ၊ ပေါ့ဘာ၊ အန်ကူကူတို့နောက် ဘန်ဇီမာကိုပါ ဒဏ်ရာကြောင့် လက်လွတ်ခဲ့ရပြီ ဖြစ်ပါတယ်။
နည်းပြ ဒက်ချမ့်က “ ဒီအသင်းက အရည်အချင်းကောင်းတွေနဲ့ အစုအဖွဲ့ပါ။ ကွင်းတွင်း ကွင်းပြင် လုပ်ဆောင်မှုတိုင်းမှာ အသင်းသားတွေက စုစည်းမှုရှိပါတယ်။ သူတို့နဲ့ ပတ်သက်လို့ ကျနော် ယုံကြည်မှု ရှိပါတယ် ” လို့ ဆက်ပြောခဲ့တာ ဖြစ်ပါတယ်။
အဓိက ကစားသမားတွေလက်လွှတ်ထားခဲ့ရတဲ့ ပြင်သစ်အသင်းအနေ နဲ့ ဘယ်လိုနည်းဗျူဟာတွေနဲ့ ကမ္ဘာ့ဖလားကို တိုက်ပွဲဝင်ကြမလဲဆို တာ စောင့်ကြည့်ရင်းအားပေးကြပါစို့။
Be the first to comment