အာဆင်နယ် အသင်းထံသို့ မန်ချက်စတာစီးတီးအသင်းဟာ သူတို့ရဲ့ကစားသမားတွေကို နောက်ထပ်လုံးဝ ရောင်းချတော့မှာ မဟုတ်ကြောင်း Football Insider ရဲ့ ရေးသားချက်အရ သိရပါတယ် ။
မြောက်လန်ဒန် ကလပ် အာဆင်နယ် အသင်းဟာ ပြီးခဲ့တဲ့ နွေရာသီ အပြောင်းအရွှေ့ကာလမှာ ပရီးမီးယားလိဂ် ချန်ပီယံ မန်စီးတီး အသင်း ကနေ ဂါဘရီရယ် ဂျီးဆပ် နဲ့ ဇင်ချန်ကို တို့ကို ခေါ်ယူ အားဖြည့် ခဲ့ပါတယ် ။
အာဆင်နယ် အသင်းဟာ အူဘာမီယန်း ထွက်ခွာသွားကတည်းက လစ်လပ် နေတဲ့ သူတို့ရဲ့ တိုက်စစ် ဦးဆောင်သူ နေရာကို ဘရာဇီး တိုက်စစ်မှူး ဂျီးဆပ် နဲ့ အစားထိုးခဲ့တာ ဖြစ်ပါတယ် ။ အာဆင်နယ် အသင်းဟာ ဂျီးဆပ် အတွက် မန်စီးတီး အသင်းထံ ပေါင် ၄၅ သန်း ပေးချေ ခဲ့ရပါတယ် ။
ဒါ့အပြင် အာဆင်နယ် အသင်းဟာ သူတို့ရဲ့ အားနည်းနေတဲ့ ဘယ်နောက်ခံလူ နေရာအတွက်လည်း နေရာစုံမှာ ကစားနိုင်စွမ်း ရှိတဲ့ ဇင်ချန်ကို ကို ခေါ်ယူ ခဲ့ပါတယ် ။ မန်စီးတီး အသင်းကနေ ခေါ်ယူခဲ့တဲ့ ကစားသမား ၂ ဦးစလုံးဟာ ဒီရာသီ အာဆင်နယ် အသင်းအဆင့်တစ် နေရာရောက်ရှိနေမှုမှာ အဓိက ကျတဲ့ ကစားသမားတွေပါ ။
ဂျီးဆပ် ဟာ အာဆင်နယ် အသင်း အတွက် ပရီးမီးယားလိဂ် ပွဲ ၁၄ ပွဲ ကစားရာမှာ ၅ ဂိုးသွင်း ၊ ဂိုးဖန်တီးမှု ၅ ကြိမ် ပြုလုပ်ထားပြီး ဂန်းနားတို့ရဲ့ မရှိမဖြစ် ကစားသမား အဖြစ် အစွမ်းပြနေတာပါ ။ ဇင်ချန်ကို ကတော့ ဒဏ်ရာ ပြဿနာတွေကြောင့် အာဆင်နယ် အသင်း ရဲ့ ပွဲအားလုံး မကစားနိုင်ပေမယ့် ကစားရတဲ့ ပွဲတိုင်း ခြေစွမ်းပြ ကစားနေနိုင်တာပါ။
ဂျီးဆပ် နဲ့ ဇင်ချန်ကို တို့ကို ခေါ်ယူနိုင်ခဲ့မှုဟာ အာဆင်နယ် အသင်း အတွက် အမြတ်ထွက်သွားပေမယ့် မန်စီးတီး အသင်းအတွင်းမှာတော့ ပွတ်လောရိုက်လို့ နေပါတယ် ။ သူတို့ရဲ့ ကစားသမားရောင်းချမှုတွေဟာ အာဆင်နယ် အသင်းကို ပိုမို အင်အားကောင်းသွားစေပြီး ချန်ပီယံဆုကိုပါ ခြိမ်းခြောက်နိုင်တဲ့ အသင်း ဖြစ်သွားစေတဲ့အပေါ် မန်စီးတီး အသင်းအတွင်းမှာ မေးခွန်းထုတ်မှုတွေ ရှိနေတယ်လို့ သိရပါတယ် ။
ဒါကြောင့် မန်စီးတီး အသင်းဟာ အနာဂတ်မှာ သူတို့ရဲ့ ပထမအသင်းက ကစားသမားတွေကို အာဆင်နယ် အသင်းက ကမ်းလှမ်းမှု လုပ်လာပါက ငြင်းဆန် ပယ်ချ တော့မှာ ဖြစ်တယ်လို့ Football Insider က ဖော်ပြထားပါတယ် ။ လက်ရှိ အချိန်မှာ အာဆင်နယ် အသင်းဟာ အမှတ်ပေးဇယားမှာ မန်စီးတီး ကို ၅ မှတ် ဖြတ်ထားပါတယ် ။
သူတို့ရဲ့အပယ်ခံတွေက မခံချင်စိတ်နဲ့ပေါက်ကဲဲပြနေတဲ့အတွက် နောက်ထပ် ထိုကဲ့သို့ အဖြစ်မခံနိုင်တဲ့အတွက် အာဆင်နယ်ထံသို့ ကစားသမားထပ်ရောင်းချတော့မှာ မဟုတ်တာလဲဖြစ်ပါတယ်။
Be the first to comment