မန်ချက်စတာယူနိုက်တက်ရဲ့ ဂန္တဝင်ဖြစ်တဲ့ ခရစ္စတီယာနို ရော်နယ်လ်ဒိုကိုအသင်းမှာနောက်ထပ်ကစားခွင့်မပေးသင့်တော့ဘူးလို့ တာဝန်ရှိသူတွေထံ နည်းပြ အဲရစ်တန်ဟတ်က ပြတ်ပြတ်သားသားတောင်းဆိုလိုက်ပြီဖြစ်ပါတယ်။
နာမည်ကျော်ရုပ်သံအစီအစဉ်တင်ဆက်သူ ပီယာ့စ်မော်ဂန်နဲ့ အင်တာဗျူးအစီအစဉ်မှာ စီရော်နယ်လ်ဒိုဟာ
အဲရစ်တန်ဟက်အပေါ် ဝေဖန်ခဲ့သလို အသင်းနဲ့ပတ်သက်ပြီး ပြင်းပြင်းထန်ထန်ပြစ်တင်ပြောဆိုခဲ့တာတွေကြောင့်
ပရိသတ်တွေသာမက ယူနိုက်တက်နာမည်ကျော်ဘောလုံးသမားဟောင်းတွေပါ ဒေါသပေါက်ကွဲနေကြပါတယ်။
ရော်နယ်လ်ဒိုရဲ့ အင်တာဗျူးထွက်ပေါ်လာပြီးတဲ့နောက် အဲရစ်တန်ဟက်ဟာ အားလပ်ရက်အတွင်းမိသားစုနဲ့တွေ့ဆုံဖို့ အစီအစဉ်ကို ရွှေ့ဆိုင်းခဲ့ရပြီး ရော်နယ်လ်ဒိုကို အသင်းမှာ ဆက်ကစားခွင့်မပေးဖို့ဘုတ်အဖွဲ့တာဝန်ရှိသူတွေကို တောင်းဆိုလိုက်တယ်လို့ ESPN သတင်းဌာနက ဖော်ပြခဲ့ပါတယ်။
အဲရစ်တန်ဟက်က ရော်နယ်လ်ဒိုရဲ့ လုပ်ရပ်ဟာ တော်တော်လေးစည်းလွတ်ဘောင်လွတ်ဖြစ်ခဲ့တယ်လို့ ယူဆနေပြီး
တနင်္လာနေ့က အသင်းဥက္ကဋ္ဌတစ်ဦးဖြစ်တဲ့ ဂျိုဝဲလ်ဂလေဇာ၊ အမှုဆောင်ချုပ် ရစ်ချတ်အာနိုးလ်၊ဘောလုံးဒါရိုက်တာ ဂျွန်မာတော့ဖ်တို့နဲ့ တွေ့ဆုံပြီးတော့ သူ့ရဲ့သဘောထားကို အသိပေးခဲ့တာဖြစ်ပါတယ်။
ယူနိုက်တက်အသင်းဟာ ပြီးခဲ့တဲ့တနင်္ဂနွေနေ့က ဖူလ်ဟမ်ကို (၂-၁)ဂိုးနဲ့အနိုင်ရခဲ့ပြီး အဲဒီပွဲအပြီးမှာရော်နယ်လ်ဒိုရဲ့ အငြင်းပွားစရာ အင်တာဗျူးထွက်ပေါ်ခဲ့တာကြောင့် ယူနိုက်တက်အသင်းဖော်တွေကလည်းရော်နယ်လ်ဒိုကို မကျေမနပ်ဖြစ်နေတယ်ဆိုတဲ့ သတင်းတွေထွက်ပေါ်ခဲ့ပါတယ်။
အဲရစ်တန်ဟက်အနေနဲ့ ချန်ပီယံလိဂ်ဝင်ခွင့်ရဖို့အတွက် လက်ကျန်ရာသီဝက်မှာ အကောင်းဆုံးဖြစ်အောင်
အာရုံစိုက်ပြင်ဆင်သွားလိုတာကြောင့် အသင်းရဲ့စည်းလုံးမှု မထိခိုက်အောင်လို့ ရော်နယ်လ်ဒိုကို ဆက်ထိန်းထားဖို့ ဆန္ဒမရှိတော့ပါဘူး။
ရော်နယ်လ်ဒိုဟာ လာမယ့်ဇန်နဝါရီအပြောင်းအရွှေ့ကျရင် အသင်းကနေ ထွက်ဖို့ နီးစပ်လာပြီး
အဲရစ်တန်ဟက်ကလည်း ဇန်နဝါရီအတွင်း ကစားသမားသစ်မခေါ်နိုင်ရင်တောင် ရော်နယ်လ်ဒိုနဲ့လမ်းခွဲသွားဖို့ရှိနေပါပြီ။
ဂန္တဝင်တစ်ယောက်ရဲ့ နေဝင်ချိန်တွေဟာ စိတ်မကောင်းဖြစ်စရာတွေ နဲ့ အဆုံးသတ်သွားမှာကိုတော့ ဘယ်လိုမှစိတ်ကူးကြည့်လို့ မရနိုင်အောင်ပါပဲ။
Be the first to comment