မန်စီးတီးကိုမထင်မှတ်ဘဲအနိုင်ရတဲ့ပွဲတွင်အာလင်းဟာလန်းဂိုးမသွင်းနိုင်အောင်တားဆီးနိုင်တဲ့တတိယမြောက်အသင်းအဖြစ်မှတ်တမ်းဝင်သွားခဲ့ပြီးနောက် အာလင်းဟာလန်းကိုဘယ်လို တားဆီးခဲ့သလဲ ဆိုတာကို ဘရန်ဖို့နည်းပြ သောမတ်စ်ဖရန့်က ဖွင့်ဟလာပါတယ်။
အာလင်းဟာလန်းဟာနွေရာသီတွင်ဒေါ့မွန်မှမန်စီးတီးသို့ပြောင်းရွှေ့လာပြီးနောက်ကြောက်ခမန်းလိလိဂိုးသွင်းပြနေသူလည်းဖြစ်ပါတယ်။
သူဟာမန်စီးတီးအတွက်ပရီးမီးယားလိဂ်ပွဲ၁၂ပွဲတည်းသာကစားခဲ့ရာမှာ၁၈ဂိုးအထိသွင်းထားနိုင်ခဲ့ပါတယ်။
ဘရန့်ဖို့ဒ်မတိုင်မီ ပရီးမီးယားလိဂ်တွင်အာလင်းဟာလန်းကို ဂိုးမသွင်းနိုင်အောင်တားဆီးနိုင်တဲ့အသင်းများအဖြစ်ဘုန်းမောက်နှင့်လီဗာပူးတို့သာရှိခဲ့ပါတယ်။လီဗာပူးမှာအာလင်းဟာလန်းကိုဖန်တီးနိုင်မှုနှင့် ဂိုးသွင်းနိုင်မှု မပြုလုပ်နိုင်အောင်တားဆီးနိုင်တဲ့တစ်သင်းတည်းသောအသင်းလည်းဖြစ်ပါတယ်။
စနေနေ့တုန်းကပွဲစဉ်မှာလည်းသောမတ်စ်ဖရန့်ရဲ့ဘရန့်ဖို့ဒ်ဟာမန်စီးတီးကိုမထင်မှတ်ဘဲဦးဆောင်နိုင်ခဲ့ပြီးအိုင်ဗန်တိုနေးရဲ့နာကျင်အချိန်ပိုဂိုးကြောင့်၂-၁ဖြင့်အနိုင်ရခဲ့ပါတယ်။ဘရန့်ဖို့ဒ်ဟာအာလင်းဟာလန်းကိုဂိုးသွင်းမှုနှင့် ဖန်တီးနိုင်ခြင်းမရှိအောင်တားဆီးနိုင်တဲ့ဒုတိယမြောက်ပရီးမီးယားလိဂ်ကလပ်ဖြစ်လာပါတယ်။
သောမတ်စ်ဖရန့်က “သူတို့ဟာလန်းကိုသုံးလာဖို့အရမ်းမျှော်လင့်ထားခဲ့တာ။ဟာလန်းပါတဲ့သူတို့ကိုအနိုင်ရမှတကယ့်နိုင်ပွဲလေ။ Gameplan ချထားပြီးသားပါ။အောင်လည်းအောင်မြင်ခဲ့တယ်။ကီဗင်ဒီဘရိုင်းကိုနီးနီးကပ်ကပ်အဆက်မပြတ်စောင့်ကြည့်ခဲ့တယ်။သူဟာအန္တရာယ်ဇုန်မှာဘောလုံးအနည်းငယ်ပဲပေးနိုင်ခဲ့တယ်။ဧရိယာထဲမှာဆိုဟာလန်းကိုအထူးသတိထားခဲ့တယ်။
တစ်ကြိမ်ပဲသူ့ကိုမထိန်းနိုင်ခဲ့ဘူး။သူဘင်မီးကိုဖြတ်ပြေးသွားတာ။တစ်သင်းလုံးအကောင်းဆုံးလုပ်နိုင်ခဲ့ကြတယ်။အထူးသဖြင့်ဗဟိုနောက်ခံလူသုံးဦးပေါ့။ကျွန်တော်တို့ခြေစွမ်းကတကယ့်ကိုအထင်ကြီးစရာပါ”လို့ပြောကြားသွားပါတယ်။
အိုင်ဗန်တိုနေးဟာဆောက်ဂိတ်ရဲ့အင်္ဂလန်အသင်းလူစာရင်းတွင်ချန်လှပ်ခြင်းခံခဲ့ရပြီး၄၈နာရီအကြာတွင်အီတီဟတ်ကွင်းမှာမန်စီးတီးဘက်သို့နှစ်ဂိုးသွင်းပြခဲ့တာလည်းဖြစ်ပါတယ်။
မန်စီးတီးအသင်းဟာလည်း ဘရန်ဖို့ အသင်းကိုရှုံးနိမ့်ပြီးနောက် အာဆင်နယ်အသင်းနှင့် ငါးမှတ်အထိကွာဟခဲ့ပြီး အမှတ်ပေးဇယား ရဲ့ ဒုတိယနေရာမှာ ပဲ ရပ်တည်နေပါတယ်။
Be the first to comment