၂၀၂၄-၂၅ဘောလုံးရာသီမှစတင်ကာ ဥရောပပြိုင်ပွဲများကို အသင်းထပ်တိုးတော့မည့် UEFA

ဥရောပဘောလုံးအဖွဲ့ချုပ်(UEFA) သည် လာမည့် ၂၀၂၄-၂၅ ရာသီမှ စတင်ကာ ချန်ပီယံလိဂ် ပြိုင်ပွဲအသင်းအရေအတွက်ကို (၃၂) သင်းမှ (၃၆)သင်းသို့ တိုးမြှင့်ကြောင်းနှင့် အပြောင်းအလဲ ပြုလုပ်ခဲ့သည့် ပြိုင်ပွဲကျင်းပမည့်ပုံစံကိုလည်း ထုတ်ပြန်ကြေညာခဲ့သည်။

UEFA သည် သြစတြီးယားနိုင်ငံ၊ ဗီယင်နာမြို့တွင် အသင်းရှယ်ယာပိုင်ရှင်များနှင့် အစည်းအဝေးပြုလုပ်ကာ အဆိုပြုခဲ့သည့်အတိုင်း ချန်ပီယံလိဂ်ပြိုင်ပွဲကျင်းပပုံကို ပြောင်းလဲရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။

ပုံစံသစ်အရ လာမည့် ၂၀၂၄ -၂၅ ရာသီမှ စတင်ကာ ချန်ပီယံလိဂ်ပြိုင်ပွဲဝင် အသင်းအရေအတွက်မှာ (၃၂) သင်းမှ (၃၆) သင်းအထိ တိုးမြှင့်သွားမည်ဖြစ်သည်။

လက်ရှိကျင်းပနေသည့်ပုံစံတွင် ပြိုင်ပွဲဝင် (၃၂) သင်းကို (၄) သင်း တစ်အုပ်စုဖြင့် အုပ်စု (၈) ခွဲကာ အိမ်ကွင်း၊ အဝေးကွင်း ယှဉ်ပြိုင်စေပြီး ပုံစံသစ်တွင် ယင်းကဲ့သို့ အုပ်စုခွဲမည်မဟုတ်ဘဲ ပြိုင်ပွဲဝင် (၃၆) သင်းစလုံးကို အမှတ်ပေးပြိုင်ပွဲစုံဖြင့် ကစားစေမည်ဖြစ်သည်။ ပြိုင်ပွဲဝင်အသင်းများအနေဖြင့် တစ်သင်းလျှင် (၈) ပွဲ (အိမ်ကွင်း ၄ ပွဲ၊ အဝေးကွင်း ၄ ပွဲ)ကစားမည်ဖြစ်ပြီး ယင်း (၈)ပွဲစလုံးတွင် ပြိုင်ဘက်များ တူညီမည်မဟုတ်ကြောင်း သိရသည်။

ယင်းအမှတ်ပေးပြိုင်ပွဲပုံစံ ပွဲစဉ်များအပြီးတွင် ထိပ်ဆုံး (၈) သင်းက ရှုံးထွက် (၁၆) သင်းအဆင့် တိုက်ရိုက်တက်ရောက်မည်ဖြစ်ပြီး အဆင့် (၉) မှ အဆင့် (၂၄)အတွင်း အသင်းများမှာ နောက်တစ်ဆင့်တက်ရန် Play-offs နှစ်ကျော့ ကစားရမည်ဖြစ်သည်။

ယင်းမှ အနိုင်ရသည့် (၈)သင်းသည် ထိပ်ဆုံး (၈)သင်းနှင့်အတူ ရှုံးထွက် (၁၆)သင်းအဆင့် တက်ရောက်မည်ဖြစ်ပြီး ယင်းနောက်တွင် လက်ရှိပုံစံအတိုင်း ဆက်လက်ယှဉ်ပြိုင်မည်ဖြစ်သည်။

 

ထပ်တိုး(၄)နေရာတွင် UEFA အဆင့်သတ်မှတ်ချက် (၅)နေရာရှိ နိုင်ငံမှလိဂ်ပြိုင်ပွဲ တတိယရအသင်း၊ ခြေစစ်ပွဲမှတက်ခွင့်ရသည့် ပြည်တွင်းလိဂ် ချန်ပီယံတစ်သင်းနှင့် ကျန်နှစ်နေရာကို ချန်ပီယံလိဂ်တွင် အကောင်းဆုံးစွမ်းဆောင်နိုင်သည့် နှစ်နိုင်ငံမှအ သင်းနှစ်သင်း ဝင်ခွင့်ရမည်ဖြစ်ပြီး ယူရိုပါလိဂ်နှင့် ကွန့်ဖရန့်လိဂ်တို့တွင်လည်း ယင်းပုံစံအတိုင်း ကျင်းပမည်ဖြစ်သည်။

ပြိုင်ပွဲပုံစံပြောင်းလိုက်သည့်အတွက် အသင်းများအားလုံး အကြိတ်အနယ်နှင့် ကြည့်ကောင်းမှာတော့မြင်ယောင်ပါသေးသည်။

Be the first to comment

Leave a comment

Your email address will not be published.


*