ဂျာကင်ကလော့ပ်ရဲ့ ကြိုးကြာနီတို့ဟာ ချန်ပီယံလိဂ်မဲခွဲရာမှာ လက်ရှိချန်ပီယံရီးရဲလ်နဲ့ထိပ်တိုက်တွေ့ဆုံခဲ့ပြီး ကာရာဘောင် ဖလားစတုတ္ထအဆင့်မှာလဲမန်စီးတီးနဲ့ထပ်ကျခဲ့လို့ လီဗာပူးအသင်းရဲ့ကံကြမ္မာအပေါ် ပရိသတ်တွေကမေးခွန်းထုတ်နေကြပါပြီ။
ကမ္ဘာ့ဖလားဗိုလ်လုပွဲအပြီးရက်ပိုင်းအကြာမှာကာရာဘောင်းဖလားစတုတ္ထအဆင့်ပွဲစဉ်ကို ယှဉ်ပြိုင်ကစားရဖို့ရှိနေပြီး ကြိုးကြာနီတွေအတွက်တော့ တိုက်တန်းနစ် ပွဲစဉ်တွေချည်းဆက်နေတယ်လို့ဗြိတိန်မီဒီယာတွေက တင်စားနေကြပါတယ်။ ပွဲကျပ်တွေဆက်နေတဲ့ လီဗာပူးနဲ့ ပတ်သတ်လို့ ပရိသတ်တစ်ယောက်က “ဒီလိုအရာနဲ့ထိုက်တန်အောင်ငါတို့ဘာလုပ်မိခဲ့လဲမသိဘူး။ ချန်ပီယံလိဂ်မှာ ရီးရဲလ်၊ ကာရာဘောင်းမှာ မန်စီးတီး ငါတို့ကို လာနောက်နေတာလားမသိဘူး” လို့ ဆိုရှယ်မီဒီယာထက်မှာရေးသားခဲ့ပါတယ်။
ဒုတိယတစ်ယောက်ကတော့ ကလော့ပ်ရဲ့ဦးထုပ်နဲ့ မျက်မှန်တပ်ထားတဲ့ ကျားတစ်ကောင်ပုံရိပ်ကိုတင်ခဲ့ပြီး “ကမ္ဘာ့ဖလားကပြန်လာတာနဲ့ ချန်ပီယံလိဂ်မှာရီးရဲလ်၊ ကာရာဘောင်းဖလားမှာ မန်စီးတီးနဲ့အဝေးကွင်း…” လို့ မှတ်ချက်ရေးသားခဲ့ ပါတယ်။
တတိယတစ်ယောက်ကတော့ “လီဗာပူးသမိုင်းမှာအရှည်လျားဆုံး ရက်သတ္တပါတ်ပါပဲ။ တနင်္လာနေ့မဲခွဲပွဲမှာ ရီးရဲလ်နဲ့ကျတယ်၊ FSG ဟာ ကလပ်ကို အရောင်းစာရင်းတင်ခဲ့တယ်။ ကာရာဘောင်တွဲဆိုင်းမှာမန်စီးတီးနဲ့ကျတယ်၊ ဆောက်သမ်တန်နဲ့ပွဲသာ ကျန်ပါတော့တယ်” လို့ ရေးသားခဲ့ပါတယ်။
လီဗာပူးအသင်းအနေနဲ့ သေမင်းရဲ့ ခံတွင်းဝ ကနေပြန်လည်ရှင်သန်လာနိုင်မလား ဒါမှမဟုတ် ကျရှုံးသွားမှာ လားဆိုတာတော့ ကမ္ဘာ့ဖလားပြီးချိန်နောက် ရက်သတ္တပတ်မှာ စိတ်ဝင်စားဖို့ကောင်းနေပါပြီ။
Be the first to comment