အက်စတွန်ဗီလာနဲ့ပွဲမှာအဓိကကွင်းလယ်လူ ဘရူနိုဖာနန်ဒက်စ် မပါနိုင်ပေမယ့် အကောင်းဆုံးဖြစ်အောင်ပြင်ဆင်သွားမယ်လို့ မန်ချက်စတာယူနိုက်တက်နည်းပြ အဲရစ်တန်ဟတ်က ပြောကြားခဲ့ပါတယ်။
ဘရူနိုဖာနန်ဒက်စ်ဟာ ပြီးခဲ့တဲ့တစ်ပတ်က ဝက်စ်ဟမ်းအသင်းကို (၁-ဝ)ဂိုးနဲ့အနိုင်ရခဲ့တဲ့ပွဲမှာ အဝါကတ်အပြခံခဲ့ရပြီး ဒီရာသီမှာ အဝါကတ်အရေအတွက် (၅)ကြိမ်ပြည့်သွားတဲ့အတွက်တစ်ပွဲပယ်ခံရမှာဖြစ်တာကြောင့် အက်စတွန်ဗီလာနဲ့ပွဲကို လွဲချော်မှာဖြစ်ပါတယ်။
၂၀၂၀၊ ဇန်နဝါရီလတုန်းက စပို့တင်းလစ္စဘွန်းကနေ ယူနိုက်တက်ကိုပြောင်းရွှေ့ခဲ့သူ ဘရူနိုဖာနန်ဒက်စ်ဟာ အသင်းကို စရောက်ခဲ့ချိန်ကတည်းကအဓိက,ကစားသမားအဖြစ် ပါဝင်ကစားနေတာဖြစ်ပြီး ဒီရာသီမှာလည်း ဒုတိယအသင်းခေါင်းဆောင်ရာထူး ကိုရယူကာ ပရီးမီးယားလိဂ်ပွဲတိုင်းမှာ ကစားခွင့်ရခဲ့ပါတယ်။ ဒါပေမဲ့ ပွဲပယ်ပြစ်ဒဏ်ကြောင့်အက်စတွန်ဗီလာနဲ့ပွဲကို ဘရူနိုဖာနန်ဒက်စ် လွဲချော်မှာဖြစ်တဲ့အတွက် အဲရစ်တန်ဟက်အနေနဲ့ ဘရူနိုဖာနန်ဒက်စ် နေရာမှာ ဘယ်သူ့ကို ပွဲထုတ်မလဲဆိုတာ စဉ်းစားရမှာဖြစ်ပါတယ်။
ယူနိုက်တက်ဝက်ဘ်ဆိုက်နဲ့အင်တာဗျူးမှာ အဲရစ်တန်ဟက်က “ဘရူနိုဖာနန်ဒက်စ်ဟာ အသင်းအတွက်အရေးပါတဲ့ကစားသမားတစ်ဦးဖြစ်ပြီး သူကလည်း ပွဲတိုင်းမှာအကောင်းဆုံးကစားနိုင်ခဲ့ပါတယ်။ No 10 Role နေရာမှာ ဘရူနိုဖာနန်ဒက်စ်ဟာ ခြေစွမ်းပြကစားခဲ့ပေမယ့် လာမယ့်ပွဲမှာတော့သူ့နေရာမှာ တခြားတစ်ယောက်ကို အသုံးပြုရတော့မှာဖြစ်ပါတယ်။
ကလပ်အသင်းတစ်သင်းမှာ လုံလောက်တဲ့ကစားသမားအစုအဖွဲ့ရှဖို့လိုအပ်ပြီး ကစားသမား(၁၁)ယောက်တည်းနဲ့ ယှဉ်ပြိုင်လို့ မရဘဲ
အောင်မြင်မှုတွေရချင်ရင် ကစားသမားအစုအဖွဲ့ တောင့်တင်းဖို့ လိုပါတယ်။
ဗီလာနဲ့ပွဲကျရင် သူ့နေရာမှာ တခြားတစ်ယောက်နဲ့အစားထိုးသွားမှာဖြစ်ပြီး ကျွန်တော်တို့ အကောင်းဆုံးဖြစ်အောင်လုပ်ပြသွားမှာပါ”လို့ ပြောကြားခဲ့ပါတယ်။
ဖာနက်ဒက် မပါတဲ့ကွင်းလယ်ယာ နည်းပြသစ် အူနိုင်းအမ်မရီ ဦးဆောင် လာမဲ့ အက်စတွန်ဗီလာကို ဘယ်လိုနည်းစနစ်တွေနဲ့ အလဲထိုးပြမလဲဆိုတာ စိတ်ဝင်စားဖို့တော့ကောင်းနေပါပြီ။
Be the first to comment