ယနေ့ညမှာကစားရတော့မယ့် ယူရိုပါလိဂ်ပွဲစဉ်မှာ မန်ယူအသင်း အုပ်စုပထမနေရာ တက်မလာအောင် အနိုင်ကစားသွားမှာ ဖြစ်တယ်လို့ဆိုစီဒက် ကွင်းလယ်လူ မီခေးမာရီနိုက ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။
အဲဒီပွဲစဉ်မှာ သရေရလဒ် ရမယ်ဆိုရင်တောင် ဆိုစီဒက်ဟာ Grouo (E) ရဲ့ထိပ်ဆုံးနေရာ ကို ရမှာဖြစ်ပေမဲ့ မန်ချက်စတာယူနိုက်တက်ကို တစ်စက်ကလေး မှ အလျှော့မပေးဘဲ အနိုင်ကစားမှာဖြစ်တယ်လို့ ကြိမ်းဝါးလိုက်တာပါ။
ယူနိုက်တက်ဟာ အဲဒီပွဲစဉ်မှာ ၂ ဂိုးနဲ့အထက် အနိုင်ရမှသာအုပ်စု ပထမနေရာကို ရရှိမှာ ဖြစ်ပါတယ်။ အုပ်စုပထမနေရာဟာ နှစ်သင်းစလုံးအတွက်ဘာကြောင့် အ ရေးပါသလဲဆိုတော့ အုပ်စုဒုတိယနေရာကို ရခဲ့တဲ့ အသင်းဟာ ချန်ပီယံ လိဂ်ကနေ လွင့်စင်ထွက်ကျလာတဲ့အသင်းတစ်သင်းနဲ့ ရှုံးထွက်အဆင့်မှာ ရင်ဆိုင်ရမယ့် အလားအလာ ရှိနေလို့ပါ။
နောက်ပြီး အဲဒီလိုမျိုး ဒုတိယနဲ့သာ အဆုံးသတ်ခဲ့ရမယ်ဆိုရင်ရှုံးထွက်ပွဲစဉ်ရဲ့ ဒုတိယအကျော့ပွဲစဉ်ကို အိုးလ်ထရက်ဖို့ဒ်မှာ ကစားရမှာဖြစ်ပြီး ပထမအကျော့ကို အဝေးကွင်းမှာ သွား ရောက်ကစားရဖို့ ရှိနေပါတယ်။
ဒါကြောင့် ဒီပွဲမှာ ဂိုးပြတ်မရှုံးဖို့နဲ့ ဖြစ်နိုင်ရင် မန်ယူကို သေချာပေါက် အနိုင်ယူမှာဖြစ်တယ်လို့ မာရီနိုက စပိန်အခြေစိုက် မာကာသတင်းစာကို ပြောဆိုခဲ့ပါတယ်။
‘’နည်းပြ အီမာနိုအနေနဲ့ ဒီပွဲအပေါ် မှာ ဘယ်လိုမျိုး ချဉ်းကပ်မလဲဆိုတာတော့ ကျွန်တော်လည်း အတိအကျ မသိပါဘူး။ ဒါပေမဲ့ စိတ်ကူးက ဘယ်လိုပဲ ဖြစ်ပါစေ။
ရဲရင့်တဲ့ အသင်းတစ်သင်း ဖြစ်နေရမယ်ဗျာ။ အဲဒီအသင်းက အနိုင်ရချင်စိတ်လည်း ပြင်းထန်နေရမယ်။ ကိုယ့်ရဲ့ စိတ်ကို လွှတ်ကစားပြီး သရေကျခဲ့တာမျိုးဒါမှမဟုတ် ရှုံးတာမျိုး၊ နောက်ပြီး စလာကတည်းက ခြေစွမ်းက ပျက်နေပြီး တစ်ဂိုးထက်ပိုပေးရတဲ့ အရှုံးနဲ့အဆုံးသတ်ဖို့ သေချာနေပြီဆိုရင် ကစားရတာကိုပျော်ရွှင်မှာ မဟုတ်ပါဘူး။ အနိုင်ဆိုတာထက် တခြားဟာကို ရွေးပြီး ကစားမယ့် ကျွန်တော့်ကို ခင်ဗျားတို့ တွေ့ရမှာ မဟုတ်ပါဘူး’’ လို့ မာရီနိုက ဖွင့်ဟသွားခဲ့ပါတယ်။
ကဲ မာရီနို ရာဇသံပေးခြိမ်းခြောက်သလိုပဲ ဖြစ်သွားမလား မန်ယူကပဲ ဂိုးပြတ်တီးမလားဆိုတာတော့ ယနေ့ညမှာ စောင့်ကြရပါတော့မယ်။
Be the first to comment