နည်းပြစကားကိုနားမထောင်ခဲ့ကြလို့ဥရောပပြိုင်ပွဲရပ်ဝန်းကနေလွှင့်စင်ခဲ့ရတဲ့မာဆေးလ်

ချန်ပီယံလိဂ် အုပ်စု နောက်ဆုံး ပွဲစဉ်မှာ မာဆေးလ်အသင်းဟာ တော့တင်ဟမ်ဟော့စပါး အသင်း နဲ့ ၁-၁ဖြင့် သရေ ရလဒ်ဖြစ် နေမှုကို ထိန်းသိမ်းထားနိုင်ပါက ယူရိုပါလိဂ် ဝင်ခွင့် ရရှိမှာ ဖြစ်ပေမယ့် နာကျင်အချိန်ပို ၅မိနစ်မှာ စပါး ကွင်းလယ်လူ ဟိုဂျီဂျပ်ရဲ့ အသဲခွဲ အနိုင်ဂိုးကြောင့် အုပ်စု အောက်ဆုံး နဲ့ ပြိုင်ပွဲက ထွက်ခွာ သွားရပါတယ် ။

မာဆေးလ် အသင်းဟာ စပါး အသင်းကို အနိုင် ကစားနိုင်ရင် ချန်ပီယံလိဂ် ရှုံးထွက် အဆင့်ကို တက်လှမ်း နိုင်မှာ ဖြစ်တာကြောင့် ပထမပိုင်းမှာ တရစပ် ဖိအားပေး ကစားခဲ့ပြီး အမ်ဘမ်ဘာ ရဲ့ သွင်းဂိုး နဲ့ ပွဲကို ဦးဆောင် နိုင်ခဲ့ပါတယ် ။ ဒါပေမယ့် ဒုတိယပိုင်း စပြီး ၁၀ မိနစ် မပြည့်ခင် အချိန်မှာပဲ လန်ဂလတ် က စပါး အတွက် ချေပဂိုး ပြန်လည် သွင်းယူ သွားခဲ့ပါတယ် ။

ပွဲပြီးခါနီးအထိ တစ်ဖက် တစ်ဂိုးစီ သရေ ကျနေချိန်မှာ တစ်ဖက် ပွဲစဉ်တွင် ဖရန့်ဖတ် အသင်းက စပို့တင်း လစ္စဘွန်း အသင်းကို အနိုင် ရနေတာကြောင့် မာဆေးလ် အသင်း အနေနဲ့ သရေ ရလဒ်ကိုသာ ထိန်းထားနိုင်ရင် အဆင့် ၃ ရပြီး ယူရိုပါလိဂ် ဝင်ခွင့် ရရှိမှာ ဖြစ်ပါတယ် ။

ဒါပေမယ့်လည်း မာဆေးလ် အသင်းသားတွေဟာ နောက်တစ်ဆင့် တက်ရေး အနိုင်ရဖို့ လိုအပ်တယ်လို့ ယူဆပြီး အလွန်အကျွံ ရှေ့တက်ပြီး ဖိအားပေး ကစားခဲ့ကြရာ စပါး အသင်း က နောက်ဆုံးမိနစ်မှာ အနိုင်ဂိုး သွင်းယူ သွားခဲ့ပါတယ် ။

အရှုံးရလဒ်ကြောင့် မာဆေးလ် အသင်းဟာ ချန်ပီယံလိဂ် အုပ်စု အဆင့် ကနေလည်း မတက် ၊ ယူရိုပါလိဂ် လည်း ဆင်းကစားခွင့်မရ အနေအထား ဖြစ်သွား ခဲ့ရပါတယ် ။ ပွဲအပြီးမှာတော့ မာဆေးလ် အသင်း နည်းပြ တူဒေါ က ကစားသမားတွေ ကို ရှေ့အလွန်အကျွံ တက်ပြီး ဖိအာ မပေးဖို့ မှာကြား ခဲ့ပေမယ့် မကြားခဲ့ကြကြောင်း ဖွင့်ဟ သွားခဲ့ပါတယ် ။

 

” ကျွန်တော် ပြောတာကို သူတို့ မကြား ခဲ့ကြပါဘူး ၊ ကွင်းထဲမှာ အတော်လေး ဆူညံနေခဲ့တာကြောင့်လည်း ပါပါတယ် ၊ ကျွန်တော် သူတို့ကို နောက်မှာပဲ နေပြီး ပွဲကို ထိန်းထားဖို့ ရှေ့တက်ပြီး အလွန်အကျွံဖိအားမပေးဖို့ ပြောခဲ့ပါတယ် ၊ ဒါပေမယ့် သူတို့ မကြားခဲ့ကြပါဘူး ။ ”

” ပွဲချိန် နောက်ဆုံးမိနစ်မှာ ဘာမှကို မသဲမကွဲ ဖြစ်နေခဲ့ပါတယ် ၊ သူတို့ကို နောက်မှာပဲ နေဖို့ နဲ့ အားလုံး ရှေ့တက် မသွားကြဖို့ ပြောခဲ့ပါသေးတယ် ။ ” လို့ ပြောကြား သွားခဲ့ပါတယ် ။ မာဆေးလ် အသင်း အတွက် ဂိုးသွင်း ခဲ့တဲ့ အမ်ဘမ်ဘာ ကတော့ နည်းပြပြောတာကို ကွင်းထဲက ကစားသမားတွေ မကြားခဲ့ကြကြောင်း ပြောကြား လိုက်ပါတယ် ။

” ကွင်းအတွင်းမှာ ရှိနေတဲ့ ကျွန်တော်တို့ တကယ် မသိခဲ့တာပါ ၊ ဒါပေမယ့် အရန်ခုံကလူတွေကတော့ သိကြတာပေါ့ဗျာ ၊ ချိတ်ဆက် ပြောဆိုမှု ကင်းမဲ့ နေခဲ့တာပါ ၊ ကျွန်တော်တို့ စိတ်ထဲမှာ ပွဲမပြီးခင် အချိန်အထိ တွန်းအားပေးဖို့ ဆန္ဒ ပြင်းပြ နေခဲ့ပါတယ် ၊ ဒါပေမယ့် ကျွန်တော်တို့ မသိခဲ့ပါဘူး(သရေရရင်ကို ယူရိုပါလိဂ် ကစားခွင့်ရမယ်) ၊ ကျွန်တော်တို့ရဲ့ အမှားပါပဲ ။ ”

ထို့အတွက်ကြောင့် မာဆေးလ်အသင်းဟာ ဥရောပပြိုင်ပွဲရပ်ဝန်းကနေ ယခုရာသီမှာ အပြီးပိုင်ထွက်ခွာခဲ့ရပြီး ပြင်သစ်လီဂူးကိုသာ အာရုံစိုက် ကစားသွားရဖို့ပဲ ရှိပါတော့တယ်။

 

Be the first to comment

Leave a comment

Your email address will not be published.


*