အာဆင်နယ် အသင်းဟာ အီးမရိတ်ကွင်းကြီးထဲမှာ နော်တင်ဟမ် ဖောရက်စ်ကို ၅-ဝ နဲ့ ဂိုးပြတ် နိုင်တဲ့ ပွဲမှာ ဂန်းနားလူငယ်လေး ရေးစ် နယ်ဆန်ခြေစွမ်းပြပြီး ထင်ပေါ် နိုင်ခဲ့တဲ့ အတွက် နည်းပြမိုက်ကယ် အာတီတာက အထူး ဝမ်းမြောက်နေပါတယ်။
အသက် ၂၂ နှစ် အရွယ်သာ ရှိသေးတဲ့ အာဆင်နယ် အကယ်ဒမီထွက် လူငယ်လေး နယ်ဆန် က ညကပွဲမှာ ၂ ဂိုး သွင်းခဲ့သလို မာတင်နယ်လီ၊ ပါတေးနဲ့ အိုဒီဂတ် တို့ သွင်းဂိုးတွေကိုလည်း ကူညီပေးနိုင်ခဲ့ပါတယ်။
နယ်ဆန်ဟာနော်တင်ဟမ်နဲ့ပွဲ မှာတောင်ပံကစားသမား ဆာကာ ဒဏ်ရာ ရသွားတာကြောင့် လူစားဝင် ကစားခဲ့ရတာ ဖြစ်ပြီး ၂၀၂၀ နိုဝင်ဘာလ နောက်ပိုင်း ပထမဆုံး အကြိမ် အဖြစ် အာဆင်နယ် အတွက် ဂိုးတွေ သွင်းပေးနိုင်ခဲ့တာလည်း ဖြစ်ပါတယ်။
ဆာကာ နေရာ အစားဝင် ကစားပြီး နယ်ဆန် တစ်ယောက် အစွမ်းပြကစားနိုင်ခဲ့တာ သိပ်ကို ကောင်းမွန်ကြောင်း နည်းပြ အာတီတာကရေရေလည်လည် ချီးကျူးခဲ့ပါတယ်။
” ကျနော် တစ်ယောက်တည်းတင် မဟုတ်ဘူး သူ့အသင်းဖော်တွေ အားလုံးရော အသင်း ဝန်ထမ်းတွေ အားလုံးရော နယ်ဆန် အတွက် ဝမ်းသာ ပျော်ရွှင်နေကြတာပါ။ ဘာဖြစ်လို့လဲ ဆိုတော့ ဒီကလေးက လုံးဝကြီး ပြောင်းလဲသွားတယ်၊ တိုးတက်လာတယ်၊ ရင့်ကျက်လာတယ်။
သူက နေ့တိုင်း သူ ဘယ်လောက် အစွမ်းပြချင်တယ် ဆိုတာ ပြသနေခဲ့ပြီး ဒီနေ့မှာတော့ သူ အခွင့်အရေး ရခဲ့တယ်။ သူ တကယ်ကို ကောင်းကောင်း လုပ်ပြနိုင်ခဲ့တယ်။ အသင်းကို အနိုင်ရအောင် ကူညီနိုင်ခဲ့တာ။ ” လို့ အာတီတာက ဆိုပါတယ်။
နယ်ဆန် ပြောင်းလဲ သွားတယ်၊ တိုးတက် လာတယ်လို့ ဘာလို့ ထင်မြင်သလဲ အမေးကိုလည်း အာတီတာ က ထပ်မံ ရှင်းပြခဲ့ပါတယ်။
” သူ ဘယ်လောက် ရင့်ကျက်လာသလဲကို ဆိုလိုတာပါ။ သူ့ရဲ့ ပရော်ဖက်ရှင်နယ် အလုပ် အပေါ် ဘယ်လို အာရုံစိုက်လာသလဲ။ သူ စကားပြောတာ၊ သူ တွေးတော ဆင်ခြင်လာနိုင်တယ်။ ဆုံးဖြတ်ချက်တွေကို လက်ခံ လေးစားလာနိုင်တယ်။ သူက နေ့တိုင်း အသင်းဖော်တွေကို စိန်ခေါ်နိုင်စွမ်း ရှိလာပါတယ်။
သူက ပျော်ပျော်နေတတ်တဲ့ ကလေးပါ။ ကျနော်တို့ အားလုံးက သူ့ကို ကောင်းကောင်း လုပ်နိုင်စေချင်၊ အောင်မြင် စေချင်တယ်။ သူ ဒီနေ့ အသင်းအတွက် လုပ်ပြသွားတာက တကယ်ကို ပြောင်မြောက်ပြီး ထိုက်တန်ပါတယ်။ ” လို့ အာတီတာက ပြောဆိုခဲ့ပါတယ်။
အာဆင်နယ်ဟာ ပြီးခဲ့တဲ့ သီတင်းပတ်တွေက ဆောက်သမ်တန် ကို သရေ၊ ယူရိုပါလိဂ်မှာ ပီအက်စ်ဗွီ ကို အရေးနိမ့်ခဲ့လို့ စိုးရိမ်ခဲ့ကြရပေမယ့် ဂန်းနားတို့က သူတို့ လုပ်နိုင်စွမ်းကို ဒီအပတ်မှာ ထပ်မံ သက်သေပြခဲ့ပြီး ဇယားထိပ်တက်ထိုင်နေတဲ့ မန်စီးတီးကို ပြန်စွဲချက အဆင့်တစ်နေရာကို ပြန်လည်ရယူနိုင်ခဲ့ပါတယ်။
Be the first to comment