ဇန်နဝါရီ အပြောင်းအရွှေ့မှာ အသင်းပြောင်းနိုင်တယ်ဆိုပြီး သတင်းတွေထွက်ပေါ်ခဲ့တဲ့ အမ်ဘာပီနဲ့ ပတ်သက်ပြီးပြင်သစ်သတင်းစာ Le Parisien က ပီအက်စ်ဂျီနဲ့ ချုပ်ဆိုထားတဲ့စာချုပ် အကြောင်းကို အများသိအောင် ဖွင့်ချလိုက်ပါတယ်။
ဒီစာချုပ် အရဆိုရင်တော့ အမ်ဘာပီဟာ ပီအက်စ်ဂျီကနေ ကုတ်နဲ့ကော်ထုတ်ရင်တောင် ထွက်မှာ မဟုတ်လောက်တော့ပါဘူး။အမ်ဘာပီဟာ သူ့ရဲ့ ငယ်ဘဝအိပ်မက် အသင်းဖြစ်တဲ့ ချန်ပီယံလိဂ်အများဆုံးရ ရီးရဲလ်မက်ဒရစ်ဆီကို ပြီးခဲ့တဲ့ဇွန်လမှာ အလွတ်နဲ့ပြောင်းရွှေ့ခွင့်ရခဲ့ပေမယ့်ဒီအခွင့်အရေးကို လက်လွှတ်ခဲ့ပြီး ပီအက်စ်ဂျီနဲ့ စာချုပ်တိုးမြှင့်ချုပ်ဆိုခဲ့လိုက်ပါတယ်။
အားကစားသမားတွေရရှိဖူးသမျှထဲမှာ အမြင့်ဆုံးစာချုပ်တစ် ရပ်ဖြစ်နိုင်လိမ့်မယ်ဆိုပြီး ထင်ကြေးတွေပေးခဲ့ကြပေမယ့်Le Parisien ဆီကနေ စာချုပ်ပါအချက်အလက်တစ်ချို့ကို သိရှိလာချိန်မှာတော့ အံသြစရာဖြစ်စေခဲ့ပါတယ်။
အမ်ဘာပီဟာ စာချုပ်သစ်အရ ယခင်လစာရဲ့ ၃ ဆနီးပါးရှိတဲ့ တစ်လ ယူရို ၆ သန်း ကို စာချုပ်သက်တမ်းတလျှောက်လုံးမှာ ခံစားခွင့်ရမှာဖြစ်ပြီးပီအက်စ်ဂျီဘက်က ထပ်ဆောင်းအပိုဆုကြေး ယူရိုသန်း ၁၈၀ ကို အရစ်ကျအဖြစ် ၃ ကြိမ်ခွဲပေးသွားမှာဖြစ်ပြီးဇူလိုင်လရောက်တိုင်း ယူရိုသန်း ၆၀ကို ပြင်သစ်တိုက်စစ်မှူးက ရရှိမှာဖြစ်တယ်။
(၃)နှစ်မပြည့်ခင်မှာ အမ်ဘာပီ အသင်းကထွက်ခွာသွားခဲ့ရင်လည်း စာချုပ် သဘောတူညီချက်အရအပိုဆုကြေး ယူရိုသန်း (၁၈၀) ကို အပြည့် ပေးချေရမယ်ဆိုတာလည်းပါရှိပါသေးတယ်။
ဒီစာချုပ်မှာ အမ်ဘာပီအနေနဲ့ အသင်းဟာ ချန်ပီယံလိဂ်မှာ ဗိုလ်စွဲတာ၊ သူ ဘော်လွန်းဒီအော်မှာ ဆုရတာတွေနဲ့ ပတ်သက်လို့တော့
သီးခြားအပိုဆုကြေးမပါဝင်ဘူးလို့တော့ ယူဆရပါတယ်။ အဲ့ဒါကိုတော့ လျှော်ပေးလိုက်တာလဲဖြစ်နိုင်ပါတယ်။
အမိုက်စားဖြစ်စေတဲ့ အချက်ကတော့ စာချုပ်မှာပါတဲ့ သစ္စာစောင့်သိကြေး ကနေရလာမယ့် ဆုကြေးတွေပါပဲ။
အမ်ဘာပီအနေနဲ့လာမယ့် နွေရာသီအကုန်မှာ အသင်းနဲ့ ဆက်ရှိ နေမယ် ဆိုရင် သစ္စာစောင့်သိကြေး ယူရိုသန်း ၇၀ ရရှိမှာဖြစ်ပါတယ်။
ပီအက်စ်ဂျီအသင်းနဲ့အတူ ဆက်ရှိနေမယ့်ရာသီတိုင်းအတွက် ယူရို ၁၀ သန်း ထပ်တိုးရရှိသွားမှာဖြစ်တဲ့အတွက်
ဒုတိယရာသီမှာ သစ္စာစောင့်သိကြေးက ယူရိုသန်း ၈၀ဖြစ်သွားဖို့ရှိပြီး တတိယရာသီမှာ ယူရိုသန်း ၉၀ ဖြစ်သွားပါလိမ့်မယ်။
ဒါကြောင့် စာချုပ်အတိုင်း ပဲရစ်ကလပ်မှာ (၃)နှစ် ဆက်ရှိနေခဲ့မယ်ဆိုရင် အမ်ဘာပီဟာပရီးမီးယားလိဂ် အသင်းတစ်သင်းကိုတောင် ဝယ်နိုင်တဲ့လုပ်ခလစာ( ပေါင် ၅၅၇ သန်း ) ပိုင်ဆိုင်သွားမှာဖြစ်ပါတယ်။
လက်ရှိ ပရီးမီးယားလိဂ်မှာ တန်ဖိုးအရှိဆုံးအသင်းက မန်ယူဖြစ်ပြီး ပေါင် သန်း ၃၄၇၆ ရှိနေတာပါ။ဒါပေမဲ့ အဲဗာတန်၊ ဝက်စ်ဟမ်းနဲ့ လက်စတာတို့လို အလယ်အလတ်အသင်းတွေရဲ့တန်ဖိုးကတော့ ပေါင် သန်း ၃၀၀ ကျော် ၄၀၀ နီးပါးသာရှိနေတာပါ။ ဒါကြောင့် အမ်ဘာပီ ပီအက်စ်ဂျီမှာ နောက်သုံးနှစ်လုံး ဆက်ရှိမလား ရီးရဲလ်ကိုပဲ ပြောင်းသွားမလား ဆက်စောင့်ကြည့်ရပါအုန်းမယ်။
Be the first to comment