မန်ချက်စတာယူနိုက်တက်အသင်းပရိတ်သတ်တွေ ရဲ့အချစ်တော် ဂိုးသမား ဒီဂီယာဟာ စပိန်အသင်းရဲ့ ပဏာမကစားသမား (၅၅)ဦးစာရင်းမှာ အရွေးမခံရတာကြောင့် လာမယ့် ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲကို လွဲချော်မယ့်အနေအထားနဲ့ ရင်ဆိုင်နေရပါပြီ။ စပိန်အသင်းနည်းပြလူးဝစ်အင်းနရစ်ဟာ ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် ပဏာမလူစာရင်းကို ထုတ်ပြန်ခဲ့ပြီး အဲဒီထဲက (၂၆)ဦးကို အပြီးသတ်ရွေးချယ်သွားမှာဖြစ်ပါတယ်။ အင်းနရစ်အနေနဲ့ ဂိုးသမားနေရာအတွက် ကစားသမား(၅)ဦးအထိ ရွေးချယ်ခဲ့ပေမယ့် ဒီဂီယာကိုတော့ လူစာရင်းမှာ မထည့်သွင်းခဲ့ဘူးလို့ စပိန်အားကစားသတင်းစာ AS က ဖော်ပြခဲ့ပါတယ်။ ဒီဂီယာဟာ ဒီရာသီမှာ ယူနိုက်တက်အသင်းအတွက် ပွဲတိုင်းပါဝင်ကစားခဲ့ပေမယ့် အင်းနရစ်က ဒီဂီယာကို ချန်လှပ်ခဲ့တာဖြစ်ပြီး ချယ်လ်ဆီးဂိုးသမား ကီပါကိုသာ ရွေးချယ်ခဲ့တာပါ။
၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲကို အင်းနရစ် ခေါ်ယူသွားဖို့ရှိတဲ့ ဦးစားပေးဂိုးသမား(၃)ဦးက အူနိုင်းဆီမွန်(ဘီလ်ဘာအို)၊ ရော်ဘတ်ဆန်းချက်ဇ်(ဘရိုက်တန်)၊ ဒေးဗစ်ရေယာ(ဘရန့်ဖို့ဒ်)တို့ဖြစ်ပြီး ကီပါနဲ့ ဂီတာဖေးဂိုးသမားဆိုရီယာကတော့ ဦးစားပေးဂိုးသမားတွေထဲက တစ်ဦးဦး ဒဏ်ရာရတာ၊ နေထိုင်မကောင်းတာမျိုးရှိလာရင် အရန်အဖြစ် အစားထိုးနိုင်ဖို့ ရွေးချယ်ခဲ့တာဖြစ်ပါတယ်။
အသက်(၃၁)နှစ်အရွယ်ရှိပြီဖြစ်သူ ဒီဂီယာဟာ စပိန်အသင်းမှာ ၂၀၁၄ ခုနှစ်ကတည်းက စတင်ရွေးချယ်ခံခဲ့ရတာဖြစ်ပြီး ပုံမှန်ပွဲထွက်ခွင့်ရခဲ့ပေမယ့် အခုနောက်ပိုင်းနှစ်တွေမှာတော့ အင်းနရစ်က ဒီဂီယာထက် အူနိုင်းဆီမွန်ကိုသာ နံပါတ်(၁)ဂိုးသမားအဖြစ် အသုံးပြုနေတာပါ။ မနှစ်က ကျင်းပခဲ့တဲ့ ယူရို-၂၀၂၀ ပြိုင်ပွဲမှာ ဒီဂီယာ ပါဝင်ခဲ့ပေမယ့် ပွဲကစားခွင့်မရဘဲ အူနိုင်းဆီမွန်ရဲ့နောက် အရန်အဖြစ်သာ ပါဝင်ခဲ့ရပါတယ်။ စပိန်အသင်းအတွက် ဒီဂီယာ နောက်ဆုံးအကြိမ်ပွဲထွက်ကစားခွင့်ရခဲ့တာက ၂၀၂၀ တုန်းက Nations League ပွဲအဖြစ် ယူကရိန်းနဲ့ကစားခဲ့တဲ့ပွဲမှာဖြစ်ပြီး အခုဆိုရင် ဒီဂီယာဟာ လက်ရွေးစင်ကစားသမားဘဝတစ်လျှောက် ပထမဆုံးအကြိမ်အဖြစ် အဓိကနိုင်ငံတကာပြိုင်ပွဲတစ်ခုကို လွဲချော်ဖို့ နီးစပ်နေပါပြီ။
မန်ယူပရိတ်သတ်တွေဟာ သူတို့ရဲ့ အချစ်တော်ဂိုးသမား စပိန် အသင်းမှာ အရွေးမခံရလို့ စိတ်မကောင်းဖြစ်နေကြပါပြီ။
Be the first to comment