ပရီးမီးယားလိဂ် ချန်ပီယံဆုကိုစိန်ခေါ်နိုင်ဖို့ လာမဲ့ဇန်နဝါရီ အပြောင်းရွှေ့ကာလမှ ကစားသမားသစ်ခေါ်ယူနိုင်ရေးအတွက် အာဆင်နယ်က ပေါင်သန်း ၅၀ အသုံးပြုပြီး နည်းပြအာတီတာအား ထောက်ပံ့ပေးသွားမှာဖြစ်ပါတယ်။
အာတီတာကလည်း ကွင်းလယ်ကစားသမား ရှာခါ နဲ့ တောင်ပံတိုက်စစ်ကစားသမား ဆာကာတို့ရဲ့ ဝန်ထုပ်ဝန်ပိုးကို လျော့ချပေးလိုနေပြီး အထူးသဖြင့် ကွင်းလယ်ခံစစ်ကို အားဖြည့်လိုနေတာပါ။
ရှက်တာဒိုးနက် အသင်းရဲ့ အသက် (၂၁)နှစ် အရွယ် ယူကရိန်းသား တောင်ပံတိုက်စစ် ကစားသမားလေး မူဒရစ်ခ် နဲ့ အာဆင်နယ် အသင်းရဲ့ကြားက ဇာတ်လမ်းတွေကိုတော့ အားလုံးလည်း သိရှိပြီးသား ဖြစ်မှာပါ ၊ ဂန်းနားတို့ဟာ မူဒရစ်ခ်ကို ခေါ်ယူဖို့ ပြီးခဲ့တဲ့ နွေရာသီ အပြောင်းအရွှေ့ကာလ တုန်းက ကြိုးပမ်းခဲ့ဖူးတာပဲ ဖြစ်ပါတယ် ၊ ထိုစဉ် ကြုံတွေ့ လာခဲ့ရတဲ့ ဒဏ်ရာပြဿနာ အခြေအနေ အချို့ကြောင့်သာ အာဆင်နယ်ဟာ မူဒရစ်ခ်ကို တရားဝင် ကမ်းလှမ်းမှု မပြုလုပ်နိုင်ခဲ့ဘဲ ကွင်းလယ်လူသစ် ခေါ်ယူရေးကိုသာ ပြောင်းလဲ ကြိုးပမ်းခဲ့တာပါ။
သို့ပေမယ့်လည်း လက်ရှိအချိန်ထိ မူဒရစ်ခ်ဟာ အာဆင်နယ် အသင်းရဲ့ ပစ်မှတ် ထဲမှာ ရှိနေဆဲ ဖြစ်ပါတယ် ၊ မူဒရစ်ခ် ကိုယ်တိုင်ကလည်း သူ့ အနေနဲ့ အာဆင်နယ် အသင်းကိုသာ ပြောင်းရွှေ့ ကစားခွင့်ရလာရင် ငြင်းဆန် ပယ်ချနိုင်မှာ မဟုတ်တဲ့ အကြောင်းတွေကို တရားဝင် ထုတ်ဖော် ပြောကြားထားခဲ့သူ တစ်ယောက်ပါ ၊ မူဒရစ်ခ်ဟာ ဘယ်တောင်ပံတိုက်စစ် နေရာမှာ အဓိက အားပြု ကစားသူ တစ်ယောက်ဖြစ်ပြီး သူ့ရဲ့ အမြန်နှုန်း ၊ Dribbling စွမ်းရည် နဲ့ ပေါက်ကွဲအားပြင်းတဲ့ ကန်ချက်တွေက ဂါရတ်ဘေးလ် နဲ့ ခိုင်းနှိုင်းချီးကျူး ခြင်းကို ခံထားရတာပါ။
ဒီရာသီ ချန်ပီယံလိဒ် ပြိုင်ပွဲအတွင်း အထူး ခြေစွမ်းပြ ကစားနိုင်ခဲ့မှုတွေ နဲ့အတူ မူဒရစ်ခ် ရဲ့ တန်ကြေးဟာလည်း မြင့်သထက် မြင့်လာခဲ့ပါတယ် ၊ သူဟာ ဒီရာသီ ချန်ပီယံလိဂ် ပြိုင်ပွဲအတွင်း သွင်းဂိုး (၃)ဂိုး နဲ့ ဂိုးဖန်တီးမှု (၂)ကြိမ် အထိ ပြုလုပ်ထားနိုင်ခဲ့သလို ၊ ယူကရိန်း အမှတ်ပေးလိဂ် ပွဲစဉ်မှာလည်း (3)ဂိုး သွင်းပြီး (5)ဂိုး အထိ ဖန်တီးပေးထားနိုင်ခဲ့တာပါ ၊ အဆိုပါ ခြေစွမ်းကောင်းတွေကြောင့် ရှက်တာဒိုးနက် အသင်းဟာ ဒီကစားသမားကို လွယ်လွယ်ကူကူ နဲ့ လက်လွှတ်မှာ မဟုတ်တော့ပဲ ပြောင်းရွှေ့ကြေး အားဖြင့် ယူရိုသန်း (၁၀၀) ဝန်းကျင် လိုချင်ကြောင်း ထုတ်ပြောလာပါတယ်။
ရှက်တာဒိုးနက် အားကစားဒါရိုက်တာ ဖြစ်သူ ဗလာဒီမာ ဆယ်လ်ကော့ဖ် ကတော့ မူဒရစ်ခ်ရဲ့ တန်ကြေး နဲ့ ပတ်သတ်လို့ အခုလိုပဲ ထုတ်ပြောသွားခဲ့ပါတယ် ၊ ” မူဒရစ်ခ် အတွက် ယူရို သန်း(၄၀) ဟုတ်လား ၊ ဒီလောက်ပမာဏလောက်ကို ကျနော်တို့ စကားတောင် လက်ခံ ပြောမှာ မဟုတ်ပါဘူး ၊ ယူရို သန်း(၅၀)ဆိုလည်း မရပါဘူး ၊ ဒီပမာဏလောက်နဲ့ ကမ်းလှမ်းလာရင် အသင်းပိုင်ရှင်ကိုတောင် အသိပေးသွားမှာ မဟုတ်ပါဘူး ၊ ကျနော်တို့ ယုံကြည်ထားတာကတော့ မူဒရစ်ခ်က ယူနိုက်တက်ကို ယူရိုသန်း (100) နဲ့ ပြောင်းသွားတဲ့ အန်တိုနီထက် ပိုကောင်းတဲ့ ကစားသမားပါ ”
သို့အတွက်ကြောင့် ပေါင်သန်း ၅၀ သာအသုံးပြုမဲ့ အာဆင်နယ်အနေ နဲ့ မူဒရစ်ခ်ကို ခေါ်ယူနိုင်ရေး ဝေဝါးလာပြီး ဘယ်တွေဆက်ဖြစ်လာမ လဲဆိုတာကိုတော့ ဇန်နဝါရီအပြောင်းရွှေ့မှာ ရင်ခုန်စွာ စောင့်ကြည့်ရ ပါတော့မယ်။
Be the first to comment