လူရင်းထိုးတဲ့ ဓားက ပိုနက်တယ်ဆိုတာကို သက်သေပြခံလိုက်ရတဲ့ လီဗာပူးဂန္တဝင် စတီဗင်ဂျာရတ်

ရာထူးမှ ထုပ်ပယ်ခံရပြီး မကြာသေးခင်မှာ ပဲ အက်စတွန်ဗီလာ နည်းပြဟောင်း စတီဗင်ဂျာရတ် ဟာ အမျိုးရင်းကြီးတွေရဲ့ သစ္စာ ဖောက်ခြင်းကို ကောင်းကောင်းကြီး ခံစားလိုက်ရပါတော့တယ်။

ဂယက်ရိုက်နေတဲ့ဗီလာပါ့ခ်မှာ အက်စ်တန်ဗီလာတို့က ဘရန့်ဖို့ဒ်တို့ကိုအပြတ်အသတ် နိုင်ယူပြီး ဒီရာသီအတွက် သူတို့ရဲ့တတိယမြောက်နိုင်ပွဲကိုရယူကာ စတီဗင်ဂျာရတ်ကို အလုပ်ထုတ်ပြီးနောက် အကောင်းဆုံးစတင်မှုကို ဖန်တီးခဲ့ကြပါတယ်။
ဖူလ်ဟမ်တို့ကို အ​ရေးနိမ့်ပြီး နောက် ကြာသပတေးနေ့မှာတော့ လီဗာပူးဂန္တဝင် ကြီး ဂျာရတ်ကို ဗီလာတို့က အလုပ်ထုတ်ပစ်ခဲ့ပါတယ်။ပျားတွေနဲ့ ပွဲမှာ ပထမအသင်းနည်းပြအေရွန်ဒန့်ခ်စ်က တာဝန်ယူခဲ့တာပါ။


ဒန့်ခ်စ်ဟာ သူ့ရဲ့ပထမဆုံးပွဲဦးထွက်ကို မယုံနိင်စရာစတင်မှုနဲ့ဖွင့်လှစ်ခဲ့ပြီး ပထမပိုင်း ၁၅ မိနစ်မှာတင် ဗီလာတို့က ၃-၀ နဲ့ဦးဆောင်နေခဲ့ပါတယ်။ ပွဲအစ ၂ မိနစ်မှာတင် စမတ်ကျတဲ့ထုံးစံကော်နာကနေ ဒေါက်ဂလပ်စ်လုဇ်ရဲ့ပေးပို့မှုကို လီယွန်ဘိုင်လီကကန်သွင်းပြီး အဖွင့်ဂိုးရရှိပါတယ်။
နောက် ၅ မိနစ်အကြာမှာတော့ ဘိုင်းလီရဲ့ဖြတ်တင်ဘောကို ဒန်နီအင်းစ်ကသွင်းပြီး ၂-၀ ဖြစ်ခဲ့ကာ ၁၄ မိနစ်မှာတော့ တိုင်ရုန်းမင်းစ်ပြသ်ဒဏ်ကျူးလွန် ခံရလို့ ရလာတဲ့ပင်နယ်တီကို ဒန်နီအင့်စ်ကပဲသွင်းပြီး ဒုတိယဂိုးထပ်ရခဲ့ပါတယ်။
ဘရန့်ဖို့ဒ်တို့ကတော့ တုံ့ပြန်မှုတခုလုပ်နိုင်တဲ့ပုံစံ သိပ်မပြနိုင်ခဲ့ဘဲ သူတို့ရဲ့ ပထမပိုင်းအကောင်းဆုံးအခွင့်အရေးကတော့ အီသန်ပင်းနော့ခ်ရဲ့ဗော်လီကန်ချက်ကို သူ့အသင်းဖော်ကပဲ ပြန်ကာမိခဲ့တဲ့ဖြစ်ရပ်ဖြစ်ပါတယ်။ ဘရန့်ဖို့ဒ်တို့ရဲ့ ဒီပွဲကကံကြမ္မာကို ဒီဖြစ်ရပ်နဲ့တင်ခြုံငုံမိစေပါတယ်။


ချေပဂိုးရရမယ့်အစား နောက်ထပ်ဂိုးသွင်းမခံရဖို့အတွက် ဂိုးသမားဒေးဗစ်ရာယာကိုအားကိုးခဲ့ကြရပြီး မတ်တီကတ်ရှ်နဲ့ လုဇ်တို့ရဲ့အားထုတ်မှုတွေကို ပထမပိုင်းမတိုင်ခင် ကာကွယ်ခဲ့ရပါတယ်။ ဒုတိယပိုင်းမှာတော့ ဘရန့်ဖို့ဒ်တို့က ယောင်ယောင်လေးသာခဲ့ကြပေမဲ့ ပျားအသင်းသားဟောင်း အိုလီဝတ်ကင်းစ်ရဲ့ ၄ ဂိုးမြောက်ကို မတားဆီးနိုင်ခဲ့ကြပါဘူး။
ဒီနိုင်ပွဲကြောင့် ဗီလာတို့က ဇယားအဆင့် ၁၄ ကိုတက်လာကြပြီး အောက်ဆုံးသုံးသင်းထက် ၃ မှတ်ပိုများနေပါတယ်။ ဘရန့်ဖို့ဒ်တို့ကတော့ ၁၄ မှတ်နဲ့ အဆင့် ၁၀ မှာပါ။ ဒါဟာ စတီဗင်ဂျာရတ်လက်အောက်မှာ ဂိုးသွင်းဖို့ရုန်းကန်နေခဲ့ကြရတဲ့ ဗီလာအသင်းရဲ့ မယုံနိုင်စရာခြေစွမ်းဖြစ်ပြီး ဇက်ကြိုးကလွတ်လာတာနဲ့တူနေပါတယ်။


တနင်္ဂနွေနေ့မတိုင်ခင်အထိ ဗီလာတို့က ဒီရာသီပရီးမီးယားလိဂ်မှာ စုစုပေါင်း ၇ ဂိုးတည်းသွင်းထားပြီး ဒုတိယဂိုးအနည်းဆုံးအသင်းဖြစ်ခဲ့ပါတယ်။ ဒါပေမဲ့ ၁၄ မိနစ်အတွင်းမှာပဲ ဂျာရတ်လက်အောက် ၄၀၉ မိနစ်အတွင်းသွင်းခဲ့တဲ့ဂိုးအရေအတွက်နဲ့ တူညီတဲ့ဂိုးပမာဏကို သူတို့သွင်းခဲ့ကြပါတယ်။
သူတို့ရဲ့ build-up play က လျင်မြန်ပြီး တိုက်ရိုက်ဆန်တိကျပါတယ်။ ဘရန့်ဖို့ဒ်တို့က နေရာလွတ်တွေကိုလိုက်ပိတ်ဖို့ ရုန်းကန်ခဲ့ရပြီး ဗီလာတို့က အခုထက်ဂိုးပိုသွင်းနိုင်ခဲ့သေးတာပါ။ ဂျာရတ်မတိုင်ခင် ဒင်းစမစ်လက်ထက်ကတည်းက လက်ထောက်နည်းပြလုပ်ခဲ့တဲ့ ဒန့်ခ်စ်က ဂျာရတ်အသစ်ခန့်ခဲ့တဲ့ကပ္ပတိန် ဂျွန်မက်ဂင်းကို အရံခုံပေါ်တင်ပြီး ပွဲမတိုင်ခင်ကတည်းက ရဲရင့်တဲ့ဆုံးဖြတ်ချက်ကို လုပ်ခဲ့ပါတယ်။ သူ့ရဲ့ရဲရင့်မှုဟာ ကာလတိုအတွင်း ဗီလာတို့လိုအပ်တဲ့အရာ ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။
“လက်ရှိအချိန်မှာ အသင်းကိုဦးဆောင်ပေးဖို့ ကျနော့်ကိုတောင်းဆိုခံထားရပြီး ဒါကို ကျနော်ဆက်လုပ်မှာပါ။ နောက်ထပ်အခြားတပါးမကြားရခင်အထိ ကျနော်တို့ရှေ့ဆက်သွားမှာဖြစ်လို့ အသင်းကိုပြင်ဆင်ဖို့ တနင်္လာနေ့မှာ ကျနော်ရှေ့ဆက်တက်မှာပါ၊ ဒီ့အပေါ်မှာ အပြည့်အဝအာရုံစိုက် ထားပါတယ်။” လို့ ဒန့်ခ်စ်ကပြောပါတယ်။
ဂျာရတ်ထွက်သွားတာနဲ့ ချက်ချင်းလက်ငင်း ကောက်ခါငင်ခါ ခြေစွမ်းထပြကြတဲ့ဗီလာကစားသမားတွေဟာ စတီဗင်ဂျာရတ်ကို မနှစ်သက်ခဲ့ကြဘူးဆိုတာ ထင်ရှားတယ်လို့ ဘောလုံးသုံးသပ်သူ အလန်ရှီးယားရားက ပြောပါတယ်။
“ကစားသမားတယောက်နှစ်ယောက်လောက်က မန်နေဂျာကို မနှစ်သက်ခဲ့ကြဘူး၊ သူက အသင်းကိုကစားစေချင်ခဲ့တဲ့ပုံစံကို မကြိုက်ခဲ့ဘူးဆိုတာ ရှင်းပါတယ်။ သူတို့ကြည့်ရတာ လွတ်လပ်သွားတဲ့ပုံတွေ။ စတီဗင်ဂျာရတ်သာ ကြည့်နေခဲ့ရင် “ဟာကွာ၊ ရှေ့တပတ်တုန်းက ဒါမျိုးကို ငါဘာလို့မရခဲ့တာလဲ။” လို့ သူတွေးနေလောက်မယ်ဆိုတာ ခင်ဗျားတွေးမိမှာပါ။”
လို့ ဘီဘီစီ မှာ ရှီးယားရားက ပြောပါတယ်။

စကော့တလန်မှာတုန်းက အလုပ်ဖြစ်ကောင်းဖြစ်ခဲ့ပေမဲ့ ဂျာရတ်ရဲ့နည်းစနစ်ကဗီလာပါ့ခ်မှာတော့ အလုပ်မဖြစ်ခဲ့ပဲ အဆုံးမှာတော့ အောင်မြင်မှုမရခဲ့ပါဘူး။ သူခေါ်ယူခဲ့တဲ့ကစားသမားသစ် ၂ ယောက်ကလည်း ချက်ချင်းဒဏ်ရာတွေရခဲ့လို့ ကံတရားရဲ့ဖေးမမှုလည်း သူမရခဲ့ပါဘူး။ ဒါပေမဲ့ တီထွင်ဖန်တီးမှုမရှိတာကတော့ မြင်တွေ့နိုင်ပါတယ်။
ဘရန့်ဖို့ဒ်တို့ကိုနိုင်တဲ့ပွဲမှာ ဒန့်ခ်စ်လုပ်ခဲ့သလိုမျိုး သူတို့ရဲ့တိုက်စစ်စတားတွေကို လွတ်လပ်မှုပေးမယ့်မန်နေဂျာတယောက် ဗီလာတို့လိုအပ်ပါတယ်။ ဗီလာတို့ကနည်းပြ အသစ်တဦးရှာနေတာဖြစ်လို့ အခုလို ၄-၀ နိုင်ပွဲကသာ ထည့်သွင်းစဉ်းစားစရာတခုဖြစ်ခဲ့မယ်ဆိုရင်တော့ ဒီအလုပ်ကိုဒန့်ခ်စ်ရမယ့်အခွင့်အရေး မြင့်တက်လာနိုင်ပါတယ်။


အက်စတွန်ဗီလာတို့ဟာ လာမည့်အောက်တိုဘာ ၂၉ရက်နေ့မှာ ဥရောပဝင်ခွင့်ကို ပစ်မှတ်ထားခြေစွာနေတဲ့ နယူးကာဆယ်ရဲ့ အိမ်ကွင်းမှာသွားရောက်ကစားရမှာဖြစ်ပြီး ဒန့်ခ်စ် ရဲ့ နည်းစနစ်တွေ အလုပ်ဖြစ်မဖြစ် စောင့်ကြည့်ရပါအုန်းမယ်။

Be the first to comment

Leave a comment

Your email address will not be published.


*