ဘရူနိုဖာနန်ဒက်စ် ရဲ့ပွဲတိုင်းတလွဲကန်နေတဲ့ ဂိုးပေါက်ဟာ ဒီညမှာတော့ တဲ့သွားခဲ့ပါပြီ ။ တော့တင်ဟမ် ဟော့စပါး ကတော့ ဒီရာသီရဲ့ ဒုတိယမြောက် ရှုံးပွဲကို ကြုံသွားခဲ့ရပြီး ချန်ပီယံဆု စိန်ခေါ်နိုင်ဖို့အတွက် မျှော်လင့်ချက် နည်းသွားခဲ့ရတာပါ။
သရေကျပြီး ၂ မှတ်လျော့ သွားတဲ့ ချဲလ်ဆီး ရဲ့ အဆင့် ၄ နေရာကို ယူနိုက်တက်တို့က မျက်စောင်းထိုးလို့ရပါပြီ။ မန်ယူတို့ဟာ ဒီနေရာအတွက် စတမ်းဖိုဒ့် ဘရစ် ထိ သွားပြီး နောက်တစ်ပတ်မှာ လုယူကြတော့မှာဖြစ်ပါတယ်။
အနှစ်ချုပ်ပြောမယ်ဆိုရင် ယူနိုက်တက် က စပါးကို အပြတ်အသတ် အသာရခဲ့ပါတယ် ။ တိုက်စစ်ကအဆုံးသတ် အားနည်းတာ ၊ လိုရစ် လက်စွမ်းပြ ခဲ့တာ ၊ ဒိုင်ရဲ့ အငြင်းပွားဖွယ် ဆုံးဖြတ်ချက် အချို့တွေ ကြောင့်သာ ၂-၀ ဆိုတဲ့ ရလဒ်နဲ့ ပြီးသွားခဲ့တာပါ ။ ဘာပဲ ဖြစ်ဖြစ် ယူနိုက်တက် အတွက်တော့ အနိုင်၃မှတ် ဆိုတာထက် ပိုခဲ့တာ သေချာပါတယ် ။
နည်းစနစ် အားကောင်းတဲ့ နည်းပြ ၂ ယောက် ရင်ဆိုင်ကြတဲ့ ပွဲမှာ မှားသူ ခံစတမ်းပါပဲ ။ ကွန်တီ ဟာ အရင်က သုံးနေကျ ၄-၃-၃ ကိုခေါက်ထားပြီး ၃-၅-၂ နဲ့ ပွဲထွက်ခဲ့ပါတယ် ။ ယူနိုက်တက် ကွင်းလယ်ကို ဖျက်ဆီးပြီး တောင်ပံတွေရဲ့ အားနဲ့ကောင်တာ ကစားဖို့ ပြင်ဆင်ခဲ့ ပေမယ့် တကယ်တမ်းမှာတော့ အလုပ်မဖြစ်ခဲ့ပါဘူး ။ယူနိုက်တက် ကတော့ ဒီနေ့ ပွဲမှာ ကြမ်းကြမ်းတမ်းတမ်း ကစားသွားခဲ့ပြီး ဧရိယာ အပြင်ဘက် ကနေ မကြာခဏကြုံသလို ကန်သွင်း ခဲ့တာကို တွေ့ခဲ့ရပါတယ် ။ ဒီလို ဧရိယာ အပြင်ကနေ လှမ်းကန်တာမျိုးကို အရင် နည်းပြတွေမလုပ်ခိုင်းခဲ့ပါဘူး။ ဒီနေ့မှာတော့ ဖရက်ဒ် ၊ ကက်စမဲရိုး ၊ ဖာနန်ဒက်စ် တို့ဟာ စပါး ဧရိယာထိပ် ကနေ အကြိမ်များစွာ ကြက်ကန်းတိုးဂိုးရဖို့ ကန်သွင်းခဲ့ကြ ပါတယ် ။ ဒီနေရာဟာ စပါးရဲ့ ဟာကွက် ဖြစ်ခဲ့နေတာခဲ့တာပါ။
ရိုနယ်ဒို တယောက် ဒီနေ့လဲ မျက်နှာငယ်လေးနဲ့ ထိုင်ကြည့်နေခဲ့ရပြီး သွေးပူလေ့ကျင့်ခန်းတွေ လုပ်ခဲ့ပေမယ့် လူစားလဲ မထည့်ခံရတဲ့ အပေါ် စိတ်ကောက်ခဲ့ကာ ၊ ပွဲပြီးခါနီးမှာ ၅မိနစ်အလိုမှာ ဥမင်ထဲ ကို ဝင်သွားခဲ့ ပါတယ် ။
ယူနိုက်တက် ရဲ့ တိုက်စစ်ကို ရက်ဖိုဒ့် ဦးဆောင်ခဲ့ပြီး စပါးဂိုးသမားဆီကို ခဏခဏ ကန်ခဲ့ပါတယ် ။ ပြောရရင် ရက်ဖိုဒ့် ဟာ မနေ့ညက ယူနိုက်တက် အသင်းသားတွေထဲမှာ စပါးဂိုးပေါက် ကို အများဆုံး ကန်ခွင့် ရခဲ့သူပါ ။ ဒါပေမယ့် ဂိုးအဖြစ်တော့မပြောင်း လဲနိုင်ခဲ့ပါဘူး။
တိုက်စစ်မှူး တယောက် ဂိုးမိုးခေါင်မှုဟာ ကိုယ်တိုင်အသုံးမကျလို့ အဆုံးသတ်အားနည်းတာ ၊ ပြိုင်ဘက် ဂိုးသမား လက်စွမ်းပြကျောက်ထ တာနဲ့ ကံဆိုးမှု တွေကြောင့်လို့ ပြောနိုင်ပါတယ် ။ ဝေဖန်ရေးသမားတွေ ပြောသလိုပါပဲ ၊ ရက်ဖိုဒ့် အနေနဲ့ ယူနိုက်တက် အထောင်တိုက်စစ်မှူး နေရာမှာ ရေရှည်ကစား ချင်ရင်တော့ ပရဟိတမင်းသားဘဝကိုလျော့ပြီး အဆုံးသတ်ပိုကောင်းအောင် လေ့ကျင့်ဖို့ လိုအပ်မှာပါ ။
ပွဲတိုင်း အဆဲခံခဲ့ရတဲ့ ဖရက်ဒ် တယောက် ဒီနေ့ပွဲမှာတော့ Man of the Match ဖြစ်လောက်အောင် ခြေရူးထ ခဲ့ပါတယ် ။ အရေးပါတဲ့ အဖွင့်ဂိုး ကိုလည်း ကြက်ရှာ သွင်းပေးခဲ့ ပါသေးတယ် ။ လူထိ လမ်းကြောင်းပြောင်းပြီး ဝင်ခဲ့တာ ဆိုပေမယ့် ပွဲချိန် အတွင်းက ဖရက်ဒ် ရဲ့ အားထုတ်မှုကို ဒီပွဲတော့ ဝိုင်းမဆဲကြပဲ အသိမှတ်ပြုသင့်ပါတယ်။
ဖရက်ဒ် ခြေစွမ်းပြမှုဟာ ဘရာဇီး အသင်းဖော် ကက်စမဲရိုး ရဲ့ အခန်းကဏ္ဍ ကြောင့်အဓိက ကျခဲ့တာပါ။ကက်စမဲရိုး ရောက်လာအပြီးမှာ ဖရက်ဒ် က တိုက်စစ်ကို ပိုလိုက် ကစားလာရပြီး အခုလို ပွဲမျိုးကို ကစား နိုင်တဲ့အထိ ဖြစ်လာခဲ့တာပါပဲ ။
စပါး ကို ချန်ပီယံလောင်း တသင်းလို့ ခုချိန်ထိ မသတ်မှတ် နိုင်သေးတာကိုတော့ မန်ယူနဲ့ပွဲကထပ်ပြီးသက်သေပြသွားခဲ့ပြန်ပါပြီ ။အသင်းကြီးတွေနဲ့ တွေ့ရင် အစွယ်မရှိတဲ့မြွေတစ်ကောင်လို ဖြစ်သွားတာ ၊ အမှတ်တွေ ရအောင် မယူနိုင်ဘဲ ပြိုင်ဘက်တွေကို အမှတ်တွေ အလှူပေးနေတာတွေက စပါးတို့ အမှတ်ပေး ချန်ပီယံဆုကို ယောင်လို့တောင် စိတ်ကူးယဥ်လို့ရမဲ့ပုံ မပေါ်ပါဘူး။ဒီနေ့ ပွဲမှာ စပါး တိုက်စစ်ဟာ ဒါးဗစ် ဒီဂီယာကို ရင်ခုန်အောင် မဖမ်းစားနိုင်ခဲ့ပါဘူး။ဆွန်ဟောင်မင် ၊ ကိန်း တို့ ဟာ ယူနိုက်တက် ဂိုးပေါက်ကို တည့်ဖို့နေနေသာသာ သူတို့ဆီဘောလုံးရောက်အောင် ပဲဆုတောင်းနေရပုံပါပဲ။
ကူလူဆက်ဗ်စကီး နဲ့ ရစ်ချက်လီဆင် မပါနိုင်တာက ကွန်တီ ကို တိုက်စစ်ပိုင်းအပြောင်းအလဲ လုပ်ဖို့ ခက်သွား စေခဲ့ပုံပါပဲ ။စပါး အတွက် အများကြီး မျှော်လင့်ထားလို့ မရသေးပါဘူး ။
ဗာရန်း နဲ့ မာတီနက်ဇ် တို့ အတွဲကတော့ နောက်ထပ် ပုံစံကောင်း တခုကို ပြသွားခဲ့ ပါပြီ ။ မာတီနက်ဇ် ဟာ ဒီရာသီ ယူနိုက်တက် ရဲ့ ပုံစံ အမှန်ဆုံး ကစားသမား ဖြစ်နေပြီး မှန်ကန်တဲ့ ခေါ်ယူမှု ဖြစ်လာခဲ့ ပါတယ် ။အရပ်ပုပေမဲ့ ကိန်း ကိုအကောင်းဆုံးထိမ်းပြသွားတာပါ။
ဗာရန်း ကလည်း မနှစ်ကနဲ့ မတူတဲ့ တည်ငြိမ်မှုမျိုး ရှိနေပြီးကပ္ပတိန် ဂေါင်းကြီး ပြန်သက်သာလာပြီဖြစ်လို့ ဗာရန်း ဒဏ်ရာ မရဖို့သာ မန်ယူပရိတ်သတ်တွေ အဓိကဆုတောင်းရမှာပါ ။
ဒီနေ့ပွဲမှာ ခံစစ်အစွန် က ရှော နဲ့ ဒါးလော့ တို့ရဲ့ ခံစစ် ကစားပုံတွေကိုလည်း ထည့်ပြီး ချီးကျုးရမှာပါ ။
အထူးသဖြင့် ဒီနှစ်ထဲမှာ ဒါးလော့ တိုးတက်လာတာကို ငြင်းလို့ မရပါဘူး ။ ပေါ်တူဂီ မှာ ကန်ဆယ်လို ကို ကျော်ပြီး ပွဲထွက်ခံရဖို့ မလုံလောက်သေးပေမယ့် ညကပွဲမှာ ညာနောက်ခံလူ လားတိုက်စစ်မှုးလား မသဲကွဲအောင် ဖာနန်ဒက်တို့နဲ့အပြိုင် တဒိုင်းဒိုင်းကြက်ရှာနေခဲ့ကာ ယူနိုက်တက်တို့ရဲ့ ညာနောက်ခံလူ ပြဿနာ ကို ဒါးလော့ က ဖြေရှင်း ပေးနိုင်လိုက်ပြီလို့ ဆိုရမှာပဲ ဖြစ်ပါတယ် ။
Be the first to comment