နွေရာသီတုန်းက မန်ယူတို့ မခေါ် ဖြစ် ခဲ့တဲ့ ကိုဒီ ဂတ်ပို ဟာ နယ်သာလန်လိဂ် PSV မှာ အကောင်းဆုံးစကေး တွေနဲ့ ပုံစံကောင်း ပြသလို့ နေပါတယ် ။ လိဒ်ယူနိုက်တက် ကလဲ ဂတ်ပို ကို အပြောင်းအရွှေ့ နောက်ဆုံးချိန် အထိ အရခေါ်ယူရန် ကြိုးစားခဲ့သလို Transfer ပိတ်သွားချိန်မှာလည်း လာမယ့် ဇန်နဝါရီ မှာ အပြီးသတ် ခေါ်ယူ နိုင်ရေး အတွက် ကြိုတင်သဘောတူညီမှု ရယူနိုင်ဖို့ ဆက်လက် လုပ်ဆောင်ခဲ့ကြ ပါတယ် ။မန်ယူတို့ကတော့ ကမ်းလှမ်းမှုပြုလုပ်ခဲ့ပြီး အဆုံးမှာ အန်တိုနီကိုသာ ခေါ်ယူခဲ့ပါတယ်။
ဒါပေမယ့် လိဒ် နဲ့ ဂတ်ပို တို့ရဲ့ အခြေအနေတွေက ၂၃ နှစ်သားလေးရဲ့ လိဒ် ကစားသမား ဖြစ်လာနိုင်ချေ ကို တပတ်ပြီး တပတ်မှေးမှိန်လာပါတယ် ။ အကြောင်းကတော့ ကိုဒီဂတ်ပို ဟာ ဒီရာသီ နယ်သာလန်လိဂ် မှာ PSV အတွက် ၁၀ ပွဲမှာ ၇ ဂိုး သွင်းယူပေးထားခဲ့ပြီး အသင်းဖော်တွေ အတွက် ၅ ကြိမ် ဖန်တီးပေးထားနိုင် ခဲ့ လို့ပါ ။ မန်စီးတီး တိုက်စစ်မှူး အာလင်း ဟာလန်း နဲ့အတူ Goal contribution လုပ်နိုင်မှု အကောင်းဆုံး ကစားသမားတွေ အဖြစ် ရပ်တည်ပြီး ဟာလန်းထက်တောင် ပိုကောင်းတဲ့ ကစားသမားဖြစ်တယ်လို့ ဘောလုံးကျွမ်းကျင်သူတွေက သုံးသပ်ထားကြပါတယ်။
ပြိုင်ပွဲစုံ မှတ်တမ်းအရ ကလပ်ထက် နိုင်ငံပွဲတွေ မှာဆိုရင် ဂတ်ပို က ပိုကောင်းတဲ့ ကစားသမားတောင် ဖြစ်လို့ နေပါတယ် ။ ၂၀၂၂-၂၃ ရာသီအတွင်း ၁၈ ပွဲ ကစားရာမှာ ၁၄ ဂိုး သွင်းပြီး ၁၁ ဂိုး အထိ ဖန်တီးပေးထားခဲ့တာပါ ။ ဂတ်ပို ဟာ လူးဝစ် ဗန်ဟား ရဲ့ နယ်သာလန် လက်ရွေးစင် အသင်းမှာ False 9 ပုံစံ ပါဝင် ကစားပေး နေပြီး ခြေစွမ်းပြ ဂိုးတွေသွင်း နိုင်တာကြောင့် လာမယ့် နိုဝင်ဘာလ ကာတာ ကမ္ဘာ့ဖလား ပြိုင်ပွဲဝင် နယ်သာလန် အသင်းမှာ ပါဝင်ခွင့်ရဖို့ သေချာနေပြီ ဖြစ်ပါတယ် ။
ဒီလို ကောင်းမွန်တဲ့ ပုံစံ စကေး ထိပ်တန်းအဆင့် အမိုက်စား သွင်းဂိုး နဲ့ ဖန်တီးမှု မှတ်တမ်းတွေ ၊ လက်ရွေးစင် အသင်းနဲ့ ကမ္ဘာ့ဖလား ပါဝင် ယှဉ်ပြိုင် အစွမ်းပြခွင့် ရရှိမှုတွေဟာ ဂတ်ပို ကို လိဒ် ထက် ပိုမြင့်တဲ့ လှေကားထစ်ကို လှမ်းတက်သင့်ပြီ ဆိုတဲ့ စိတ်ကူးတွေကို ဖြစ်လာစေမှာ အသေအချာပါပဲ ။ ဒီအတွက် အဆင်သင့် ဖြစ်လာနိုင်တာကတော့ မန်ချက်စတာ ယူနိုက်တက်ပါ ။ ဂတ်ပို ဟာ ယူနိုက်တက် နည်းပြကြီး အဲရစ် တန်ဟတ် နှစ်သက်တဲ့ ကစားသမား တယောက် ဖြစ်ပြီး တန်ဟတ် အေဂျက် ကနေ မန်ယူ ကို ပြောင်းလာချိန်မှာ ခေါ်ယူပေးဖို့ တောင်းဆို ခံရတဲ့ ကစားသမား တယောက်လည်း ဖြစ်ခဲ့ ပါတယ် ။
မန်ချက်စတာယူနိုက်တက် ဟာ အပြောင်းအရွှေ့ ပိတ်ဖို့ ရက်အနည်းငယ် အလိုမှာ အန်တိုနီ နဲ့ ဂတ်ပို တို့ ၂ ယောက်လုံးကို ခေါ်ယူဖို့ စတင် လှုပ်ရှား ခဲ့ပြီး အေဂျက်အသင်း ဘက်က အန်တိုနီ အတွက် တောင်းဆိုတဲ့ ငွေပမာဏဟာ များပြားလှတာကြောင့် ဂတ်ပို ကိုပါ ခေါ်ယူဖို့ အခက်တွေ့ စေခဲ့ရပါတယ် ။ ဒါပေမယ့် အခုချိန်ထိ ဂတ်ပို ဟာ တန်ဟတ် ရဲ့ အစီအစဉ်ထဲမှာ ရှိနေဆဲ ဖြစ်ပြီး ဇန်နဝါရီမှာ ထပ်မံ ကြိုးစား လာဖို့ ရှိနေပါတယ် ။
မာရှယ် ရဲ့ လုံးဝ ယုံစားလို့ မရတဲ့ ကြံ့ခိုင်မှု အခြေအနေ ၊ အကျဘက်ကို အများကြီး ရောက်နေတဲ့ ဂုတ်ကြီး ရိုနယ်ဒို တို့ကြောင့် မန်ယူမှာ မားကပ်ရက်ဖိုဒ့် တယောက်သာ အားကိုးနေရတဲ့ တိုက်စစ်မှူး အဖြစ် ရှိလို့ နေပါတယ် ။ ဒါကြောင့် ဂတ်ပို အနေနဲ့ ယူနိုက်တက် ကိုသာ ပြောင်းလာဖြစ်ခဲ့မယ် ဆိုရင် ပွဲထွက်ခွင့် နဲ့ ထိုက်တန်ကြောင်း သက်သေပြဖို့ မိနစ်တွေ အများအပြား ရနိုင်ချေ ရှိနေပါတယ် ။
ဂတ်ပို ဟာ လာမယ့် နိုဝင်ဘာ ကနေ ဒီဇင်ဘာ အတွင်း ကစားမယ့် ကတာကမ္ဘာ့ဖလားမှာ ခြေစွမ်းပြ နိုင်ခဲ့မယ် ဆိုရင်တော့ ယူနိုက်တက် သာ မကဘဲ အခြား ဥရောပ ထိပ်သီး အသင်းကြီး တွေကပါ မျက်စိကျလာတော့မှာပါ ။ ဂတ်ပို ရဲ့ အနာဂါတ် လမ်းကတော့ စိတ်ဝင်စားစရာတွေ ပြည့်နှက်လို့နေပါပြီ ။ ဒီအထဲမှာ လိဒ်ယူနိုက်တက်အသင်းဆီရောက်ဖို့ ဆိုတာကတော့ တဖြည်းဖြည်း ပျောက်ကွယ်စပြုလာနေပါပြီ ။အဲရစ်တန်ဟတ် ကြောင့် မန်ယူကိုသာ ရောက်လာခဲ့ပါက ဟာလန်းနဲ့အပြိုင်ကျဲ ကြမှာမို့ ရင်ခုန်စွာ စောင့်ကြည့်ကြရင်း အားပေးကြပါစို့။
Be the first to comment