ခြေစွမ်းပြနေတဲ့မာတင်နယ်လီ နဲ့ အာဆင်နယ်ကြားက အံ့သြဖွယ်အဆင်မပြေမှုများ ထွက်ပေါ်

အာဆင်နယ်အသင်းရဲ့ တိုက်စစ်ကြယ်ပွင့် ကစားသမား ဂါဘရီရယ် မာတင်နယ်လီ ဟာ သက်တမ်းတိုး စာချုပ် ဆွေးနွေးမှုမှာ မြင့်မားတဲ့ လုပ်ခလစာ တောင်းဆိုလိုက်ပါတယ်။

မာတင်နယ်လီဟာ ဒီရာသီ အာဆင်နယ်အသင်းမှာ ခြေစွမ်းပြနေကာ ပြီးခဲ့တဲ့ လီဗာပူး ကို နိုင်တဲ့ ပွဲမှာလည်း အကောင်းဆုံး ကစားသမားဆု ရရှိခဲ့သူပါ။

အသက် ၂၁ နှစ် အရွယ် ဘရာဇီးသားဟာ ၂၀၁၉ မှာ ဘရာဇီး စတုတ္ထတန်းကလပ် ituanoအသင်းမှ အာဆင်နယ်အသင်းထံ ပြောင်းရွှေ့ကြေး ပေါင် ၆ သန်းနဲ့ ပြောင်းရွှေ့လာခဲ့​ပြီး ပရီးမီးယားလိဂ်မှာ အထင်ကြီးဖွယ် စွမ်းဆောင်ပြနေတာကြောင့် အသင်းကြီးတွေရဲ့ စိတ်ဝင်စားခြင်းခံနေရပါတယ်။

မာတင်နယ်လီရဲ့ လက်ရှိ စာချုပ်က ၂၀၂၄ ထိ ရှိနေပြီး တစ်နှစ် ထပ်တိုးခွင့်လည်း ပါရှိပါတယ်။ ကစားသမားရဲ့ ခြေစွမ်းတောက်ပမှုကြောင့် အာဆင်နယ် တာဝန်ရှိသူတွေက လုပ်ခလစာ တိုးမြှင့်ပြီး သက်တမ်းတိုး စာချုပ်သစ် ချုပ်ဆိုဖို့ ကြိုးစားလာပါတယ်။

ဆွေးနွေးမှု စတင်ချင်းမှာပဲ မာတင်နယ်လီက လက်ရှိ လစာရဲ့ ၃ ဆ တိုးပေးဖို့ တောင်းဆိုခဲ့တာကြောင့် အာဆင်နယ် တာဝန်ရှိသူတွေ အံ့အားသင့်ခဲ့ရပါတယ်။ မာတင်နယ်လီက အာဆင်နယ်မှာ လုပ်ခ အများဆုံးရနေတဲ့ ဂျေးဆုနဲ့ ပါတေးတို့လို တစ်ပတ် လုပ်ခ ပေါင် ၂ သိန်း တောင်းဆိုခဲ့တယ် လို့ ဒေးလီးမေးလ်က ဖော်ပြထားပါတယ်။

အာဆင်နယ်အသင်းဟာ လစာမြင့်မားတဲ့ကစားသမားအများစု ရှင်းထုတ်ခဲ့ပြီး ဒီနှစ် အတွင်းမှာ လုပ်ခလစာ ပေးချေရမှုကို လျှော့ချဖို့ သေချာ စီမံနေတာ ဖြစ်ပါတယ်။ မာတင်နယ်လီ ကို လုပ်ခလစာ ၂ဆတိုး​ပြီး အာဆင်နယ်က အသင်းမှာ ဆက်ထိန်း ထားလိုပေမယ့် ၃ဆထိ အများကြီး တိုးပေးဖို့ မရည်ရွယ်ထားပါဘူး။

ဘရာဇီးသား ကတော့ အာဆင်နယ် အသင်းနဲ့ အတူ ဆက်ရှိနေလိုကြောင်း လီဗာပူးနဲ့ ပွဲအပြီး အင်တာဗျူးမှာ ပြောဆိုထားပါတယ်။ ကလပ်နဲ့ ကစားသမား ကြား ညှိနှိုင်းမှုတွေက အဆင်ပြေမလားဆိုတာ စိတ်ဝင်စားဖွယ် စောင့်ကြည့်ရတော့မှာပါ။

Be the first to comment

Leave a comment

Your email address will not be published.


*