ခက်ခက်ခဲခဲ နိုင်ပွဲရှာတွေ့ခဲ့တဲ့ ချဲလ်ဆီး(သရေကျပြီထင်တာ)ပွဲပြီးသုံးသပ်ချက်
အိမ်ရှင် ခရစ္စတယ်လ်ပဲလေ့စ်တို့ကတော့ ဂိုးသမား ဂွိုင်တာ၊ ခံစစ်မှာ ဂေးဟီ၊ ကလိုင်းန်၊ ဝါ့ဒ်နဲ့ မစ်ချဲလ်တို့ကို လူမစုံနိုင်ဘဲ ပွဲထုတ်ခဲ့ရပြီး ကွင်းလယ်မှာတော့ ရှိတ်ခ် ဒူကူရေး၊ အီဇီနဲ့ အိုလီဆေးတို့ကို ခင်းကျင်းလာခဲ့သလို တိုက်စစ်မှာတော့ ဇာဟာ၊ အေဒူယာနဲ့ အာယူးတို့ကို အသုံးပြုခဲ့တာပါ။
ပွဲချိန် ၇ မိနစ်မှာကတည်းက ပဲလေ့စ်တို့ အဖွင့်ဂိုး ရယူနိုင်ခဲ့ကြပြီး ဒီဂိုးကိုတော့ ကွင်းလယ်မှာ ချဲလ်ဆီးနောက်ခံလူ ဖိုဖာနာ ဘောလုံးပျက်တာကို အေဒူယာက ကွင်းလယ်ကနေ ညာခြမ်းကို ပေးပြီး ပြေးတက်သွားချိန်မှာ ဘောလုံး လက်ခံရရှိထားတဲ့ အာယူးက အဝေးကနေ ဂိုးရှေ့ကို ဖြတ်တင်ပေးခဲ့ရာမှာ အေဒူယာကပဲ ပြေးဝင်ပြီး ပိတ်သွင်းနိုင်ခဲ့တာဖြစ်ပါတယ်။
ပွဲချိန် ၁၀ မိနစ်မှာ ကွင်းလယ်ကနေ အီဇီ လှမ်းကန်ရာမှာ ဂိုးသမား ကီပါ မဖမ်းနိုင်ဘဲ အန်ထွက်လာတာကို ဇာဟာ ပြေးပိတ်ဖို့ အနည်းငယ် ကြောက်နေခဲ့လို့ ချဲလ်ဆီးတို့ သက်သာခဲ့ရပြီး ဒီက ရတဲ့ ထောင့်ကန်ဘောကို အတိုပေးပြီး အီဇီကပဲ ထောင့်ဖြတ် အနိမ့်ဘော ကန်သွင်းတာကို ကီပါ အလူးအလဲ ကာကွယ်ခဲ့ရတာပါ။
ပွဲချိန် ၁၉ မိနစ်မှာ ချဲလ်ဆီးတို့ ပြန်ဖိကစားလာခဲ့ပြီး ညာခြမ်းက မ,ပေးတဲ့ ဘောလုံးကို မေဆန်မောင့် ခေါင်းတိုက်ချက်က တိုင်ဘေးကနေ လွဲချော်သွားခဲ့သလို ဂျိမ်းစ်ရဲ့ ဖြတ်တင်ဘောကိုလည်း စတာလင်က ဘေးကန်ခဲ့တာကြောင့် ချေပဂိုး ပြန်ရဖို့ ခက်နေခဲ့ချိန်မှာ ခံစစ်ပိုင်းကတော့ အမှားတွေ များနေခဲ့သေးတာဖြစ်ပါတယ်။
ပွဲချိန် ၃၈ မိနစ်မှာတော့ ချဲလ်ဆီးတို့ ချေပဂိုး ပြန်လည်ရှာဖွေသွားနိုင်ခဲ့ကြပြီး ဒီဂိုးကိုတော့ ညာခြမ်းကနေ ရီးစ် ဂျိမ်းစ်က အမြင့်ဘော ကန်တင်ပေးခဲ့ရာမှာ ထောင့်ကန်ဘောမှာ ရှေ့တက်ပြီး ပြန်မဆင်းရသေးဘဲ ကျန်နေတဲ့ သီယာဂို ဆေးလ်ဗားက ဧရိယာထဲ ခေါင်းတိုက်ချပေးခဲ့တာကို အူဘာမီယန်းက နောက်ခံလူနှစ်ယောက်ကြားကနေ Half Volley ကန်သွင်းပြီး အသင်းသစ်နဲ့ ပွဲထွက်ခွင့်မှာ အဖွင့်လှခဲ့တာပါ။
အန်ဒါဆန် မပါချိန်မှာ ဗဟိုနောက်ခံလူစစ်စစ်ဆိုလို ဂေးဟီတစ်ဦးတည်းနဲ့ ကစားခဲ့ရတဲ့ ပဲလေ့စ်တို့ ကွင်းလယ်မှာ သွက်ပေမယ့် ခံစစ်မှာတော့ ရုန်းကန်နေခဲ့ရပြီး ပထမပိုင်းပြီးခါနီးမှာ ကလိုင်းအစား တွမ်ကင်းစ်ကို ထည့်သွင်းခဲ့အပြီးမှာတော့ တစ်ဂိုးစီသရေနဲ့ ရပ်နားခဲ့ကြပြီး ဒုတိယပိုင်းမှာတော့ ချဲလ်ဆီးတို့ ပိုဖိကစားနိုင်ခဲ့ပါတယ်။ ဂရေဟမ် ပေါ့တာရဲ့ လူတွေ ဖိကစားနိုင်ပေမယ့် ကစားကွက်ကတော့ ရိုးလွန်းနေတာကြောင့် ပဲလေ့စ်ဂိုးရှေ့မှာ အလုပ်သိပ်မဖြစ်သလို အဆုံးသတ်ပိုင်းတွေကလည်း ထုံးစံအတိုင်း ညံ့ဖျင်းဆဲဖြစ်လို့ ရုန်းကန်နေခဲ့ရတာကြောင့် ဂျော်ဂျင်ညို၊ အူဘာမီယန်း၊ ဟာဗတ်ဇ်နဲ့ မေဆန်မောင့်တို့အစား လော့ဖ်တပ်စ်-ချိခ်၊ ဘရိုယာ၊ ဂါလာဂါနဲ့ ပူလီရှစ်ချ်တို့ကို ပြောင်းလဲသွားခဲ့တာပါ။
ဒီလိုနဲ့ သရေကျတော့မယ်လို့ ထင်နေတုန်းမှာပဲ ချဲလ်ဆီးတို့ အနိုင်ဂိုး ရှာဖွေသွားနိုင်ခဲ့ကြပြီး ပွဲချိန် မိနစ် ၉၀ မှာ ဘယ်ခြမ်းကနေ ထိုးဖောက်ခဲ့တဲ့ ပူလီရှစ်ချ်က အတွင်းကို ပြန်ချိုးပေးတာကို ဂါလာဂါက ဝင်တားတဲ့ နောက်ခံလူကို ကျော်ဖြတ်ပြီးမှ အဝေးကန်ချက်နဲ့ အသင်းဟောင်းဘက်ကို လှလှပပ သွင်းယူသွားခဲ့တာဖြစ်ပါတယ်။
Be the first to comment