ဟိုတုန်းက မိဂဒါဝုန် အပိုင်း ၂

ကြာတော့ ကြာပါပြီ။ ၁၉၅ဝ ခုနှစ်လောက်က ဆိုတော့ ကျွန်တော့် အသက် ၈ နှစ်အရွယ်တုန်းက ဖြစ်ပါသည်။ ကျွန်တော့်အဘိုး၏ ဇာတိဖြစ်သော ကြာညိုတောရွာတွင် ကြုံတောင့်ကြုံခဲ ကထိန်ပွဲကြီးတစ်ခု ပြုလုပ်ခဲ့ဖူးသည်။

(ကြာညိုတောရွာ ဆရာတော်ဘုရားကြီးသည် မိဂဒါဝုန်တောကြီးထဲတွင် တပည့် ဒါယကာ ဒါယိကာမများကို တရားရေအေး အမြိုက်ဆေး တိုက်ကျွေးတော်မူ မည်)ဆိုသည့် သတင်းစကားကြောင့် မိဂဒါဝုန်တောကြီးဆိုတာ ဘယ်လိုဟာများ ပါလိမ့်ဟု သိချင်သူများမှာ ကထိန်ပွဲ ကျင်းပမည့် ရွာဦးကျောင်းဝင်းကြီးထဲတွင် ဆောက်လုပ်ထားသော တရားဟောမဏ္ဍပ်ကို ပြေးကြည့်ကြရတော့သည်။

ကြာညိုတော ရွာဦးကျောင်းကြီးသည် ဘောလုံးကွင်း ငါးကွင်းစာမျှ ကျယ်သော စားပင်သီးပင်ဥယျာဉ်ကြီးအတွင်းမှာ လည်ပေါ် ဘုံအဆင့်ဖြင့် တင့်တယ်စွာ ဆောက်ထားသော နှစ်ထပ်ကျောင်းကြီး ဖြစ်ပါသည်။ ကျောင်းကြီး ၏ ရှေ့နောက်ဝဲယာမှာတော့ အုန်း၊ ကွမ်း၊ ငှက်ပျော၊ သြဇာ၊ ဥသျှစ်၊ သရက်၊ မာလကာ၊ ရှောက်သံပရာပင်ပျိုတို့ဖြင့် စိမ်းစိုညို့မှိုင်း အုပ်ဆိုင်းနေပြီး ရွက်လှ ပွင့်လှ အရောင်မျိုးစုံသည့် ပန်းပင် ပန်းအိုးတို့ဖြင့် လှပနေပါသည်။

ကျောင်းကြီး ရှေ့မျက်နှာစာရှိ တရားဟောမဏ္ဍပ်ကြီးကို ဆောက်လုပ် ရာတွင် မဏ္ဍပ်တိုင် သီးခြားမစိုက်ဘဲ အုန်းပင်၊ ကွမ်းသီးပင်၊ ငှက်ပျောပင်များ ကိုပင် မဏ္ဍပ်တိုင်တွေအဖြစ် အသုံးပြုထားပါသည်။ အုန်းပင်၊ ကွမ်းသီးပင်တို့၏ လူတစ်ရပ်ကျော် အမြင့်တွင် ဝါးလုံးရှည်များကို စီတန်းယှက်သွယ် ချည်နှောင်၍ အုန်းလက်များ၊ ငှက်ပျောလက်များ၊ သစ်ကိုင်းသစ်ခက်များ၊ ပန်းချုံပန်းနွယ်များ ကို မဏ္ဍပ်ကြီး၏ အမိုးအဖြစ် အသုံးပြုထားပါသည်။

အမိုးအောက်ရှိ အုန်းပင် မဏ္ဍပ်တိုင်များတွင် အလုံးကြီးပြီး အသီးလှသည့် အုန်းသီးခိုင်ကြီးများကို လည်း ကောင်း၊ ကွမ်းသီးပင် မဏ္ဍပ်တိုင်များတွင် ပြွတ်သိပ်ပြီး သီးနေကြသည့် ကွမ်းသီး ခိုင်အစိမ်း၊ အမှည့်ရောင်စုံများကိုလည်းကောင်း၊ ကြိုးဖြင့်စည်းထားသလား၊ သံနဲ့ ကပ်ရိုက်ထားသလား မမှတ်မိတော့ပါ။ အနိမ့်လေးမှာ သဘာဝအတိုင်း သီးနေ သကဲ့သို့ လှပနေသည်ကိုသာ မှတ်မိပါသည်။

သီးခိုင်ကြီးများ၊ အဖူးကြီးများပါ သည့် ငှက်ပျောပင်များကိုလည်း အရင်းမှ ဖြတ်ယူပြီး မဏ္ဍပ်ကြီး၏ မုခ်ဦးအဝင်နှင့် တရားဟောစင်မြင့် မျက်နှာစာတွင် ညီညာစွာ စီတန်းစိုက်ထူထားသည်။ ရောင်စုံ ရွက်လှပန်းပင် ပန်းအိုးများကိုလည်း မဏ္ဍပ်ကြီးအတွင်း တရားနာသူတို့အကြား နေရာအနှံ့အပြားတွင် ချထားပါသည်။

မဏ္ဍပ်ကြီးကို စီစဉ်ဖန်တီးသူ ဗိသုကာ ပညာရှင်သည် အတော်စိတ်ကူးကောင်းသူ ဖြစ်သည်။ မဏ္ဍပ်ကြီးကို လာကြည့်သူ များမှာ ဗုဒ္ဓမြတ်စွာ တရားဦးဟောတော်မူရာ မိဂဒါဝုန်တောကြီးအတွင်း ရောက် လာသည်သို့ ခံစားရမည် ထင်ပါသည်။

Be the first to comment

Leave a comment

Your email address will not be published.


*