ဟိုတုန်းက မိဂဒါဝုန် အပိုင်း ၁

အန္တရာယ်ကင်းအတွက် သံဃာတော်ငါးပါးပင့်ပြီး ဆွမ်းလေး တစ်နပ် ကျွေးချင်၍ ဇနီးသည်နှင့်အတူ ဈေးခြင်းကူဆွဲရန် ဈေးထဲလိုက်သွားမိသည်။ လိုအပ်သည့် သားငါးနှင့် ဟင်းသီးဟင်းရွက်များ ဝယ်ပြီးသောအခါ ကန်တော့ပွဲ အတွက် ငှက်ပျောသီး၊ အုန်းသီးနှင့် ကွမ်းဆေးအစုံ ဝယ်ရပြန်သည်။

နေ့စဉ် စားနေသော ဆန်၊ ဆီ၊ ဆားနှင့် သား၊ ငါး ဈေးနှုန်းတွေကို သာ ဇနီးသည်၏ ညည်းသံကြောင့် သိနေသည်။ ငှက်ပျောသီး၊ အုန်းသီး ဈေးနှုန်း တွေကိုမူ သိစရာအကြောင်း သိပ်မရှိ၍ မသိပါ။

ကျွန်တော်တို့ မျိုးရိုးကိုက အုန်းလည်းမဆွဲ၊ ပွဲလည်းမထိုး၊ နတ်ကိုလည်း မကိုးကွယ်တော့ ငှက်ပျောသီး၊ အုန်းသီးနှင့် သိပ်မရင်းနှီးဖြစ်နေသည်။ အခု အကြောင်းရှိ၍ ဝယ်ကြည့်တော့မှ သိရသည့် ဈေးနှုန်းတွေက ငှက်ပျောတစ်ဖီး ၂၅ ကျပ်၊ ကြွက်မြီးပါ အုန်းသီး တစ်လုံး ၄၅ ကျပ်၊ ကွမ်းတစ်ပိဿာ ၁ဝဝ ကျပ်၊ ကွမ်းသီး တစ်ပိဿာ ၁၅ဝ ကျပ်ဟု သိလိုက်ရသောအခါ ကျွန်တော် ဘုရားတလိုက်မိပါသည်။

ကိုယ့်နားကို ပင်ကိုယ်မယုံဖြစ်သွားပါသည်။ ဇနီး မဖြူတုတ်က ယုံပါသည်ဟု ဆိုပါသည်။ “မယုံမရှိနဲ့ သုံးကျပ် ပြားနှစ်ဆယ်ကနေ သုံးဆယ့်ငါးကျပ် ဖြစ်နေတာ

ရှင်သိတယ် မဟုတ်လား”တဲ့။ မှန်၏။ အကုန်တက်နေတော့ မယုံလို့ မဖြစ်၊ တစ်ပက်ကို ပြား သုံးဆယ်ခေတ်ကတည်းက သောက်လာခဲ့တာ အခု တစ်ကျပ်ခွဲဆိုတော့ ရံဖန်ရံခါ လောက်သာ မှီဝဲနိုင်တော့သည်။ ဒီကြားထဲ ဆိုင်ဝန်ထမ်းတွေက ပုလင်းခေါင်းချိုး၊ ပက်ချင်ခိုးဆိုတော့ အရက်သောက်ရတာ ရင်နာလွန်းလို့ ပြတ်လုနီးပါး ဖြစ်နေ ပါပြီ။

ငှက်ပျောသီး၊ အုန်းသီးနှင့် စားသုံးကုန်၊ သောက်သုံးကုန်၊ လူသုံးကုန် ပစ္စည်းအမျိုးမျိုးတို့၏ ဈေးနှုန်းတွေ ကြီးမြင့်နေတာကို သိလိုက်ရသောအခါ ဟိုတုန်းက မိဂဒါဝုန် တရားပွဲကြီးကို ပြန်လည် မြင်ယောင်မိပါတော့သည်။

Be the first to comment

Leave a comment

Your email address will not be published.


*