သမိုင်းဦးဝေဒနာ အပိုင်း ၁

၁။ မြို့မရောက်ခင်က ရွာတွဲဖက်အလယ်တန်းကျောင်းမှာ ထွေးမောင် ခုနစ်တန်းအထိ နေခဲ့သေးတယ်။ ခုနစ်တန်းနှစ်ဝက်လောက်မှာပဲ မန္တလေးကို ထွက်လာခဲ့တာဆိုတော့ ကမ္ဘာ့သမိုင်းကို သင်ခဲ့ဖူးတာပေါ့။

လူ့သမိုင်းအစမှာ လူတွေဟာ ကျောက်လိုဏ်၊ ကျောက်ဂူတွေထဲမှာ အုပ်စုဖွဲ့နေခဲ့ကြတယ်။ နောက် တော့ အသိဉာဏ်မြင့်မားလာပြီး ယဉ်ကျေးမှုဆိုတာကလည်း တိုးတက်လာတော့ မှ ဂူထဲကနေ ကွင်းပြင်တွေပေါ် တက်လာပြီး အိမ်ရာဆောက်လုပ်နေထိုင်လာ တတ်ကြတယ်။

ထွေးမောင်ရင်ထဲမှာ သိချင်တာတစ်ခု ရှိတယ်။ ကျောင်းဆက် မနေတော့လို့ မသိတာများလားလို့ စနိုးစနောင့်လည်း ဖြစ်မိတယ်။ လူတွေကို ဂူထဲက ထွက်ပြီး ကွင်းပြင်မှာ အိမ်နဲ့ရာနဲ့ နေတတ်လာအောင် ဘယ်သူကစပြီး တွေးခေါ်ဦးဆောင်ခဲ့တာလဲ။ အဲဒီပုဂ္ဂိုလ် ဘယ်သူလဲ။ ဒါကို ထွေးမောင် သိပ် သိချင်နေတယ်။

၂။ တစ်မိုးလုံး မှောင်လာပြီ။ လျှပ်တဝင်းဝင်း မိုးသံတဂျိမ်းဂျိမ်းကြားမှာ လေကလည်း တစ်ချက်ဝှေ့လိုက်သေးတယ်။ လေထဲမှာ မိုးနံ့ပါလာတယ်။ စဉ့်ကိုင် ဒါမှမဟုတ် မြစ်ငယ်လောက်ဆီမှာ ရွာနေလောက်ပြီ။

ထွေးမောင် ကောင်းကင်ကို တစ်ချက်မော့ကြည့်လိုက်ပြီး ကားဂိတ်နဲ့ မျက်နှာချင်းဆိုင်က ကွမ်းယာဆိုင်ကို ခပ်သုတ်သုတ် လှမ်းခဲ့တယ်။ ကွမ်းယာဆိုင်နောက်မှာ ထောင်ထားတဲ့ စက်ဘီး ကယ်ရီယာပေါ်ကို လက်ပွေ့ဆွဲခြင်း တင်လိုက်ပြီး ဆွဲခြင်းထဲက ပလတ်စတစ်တစ်စကို ဆွဲထုတ်လိုက်တယ်။

Be the first to comment

Leave a comment

Your email address will not be published.


*