သမိုင်းဦးဝေဒနာ ဇာတ်သိမ်း

ဝါးခြမ်းထိပ်တစ်ဖက်ကို ခုတင်ဘောင်နဲ့ ချည်လိုက်တယ်။ နောက် ဝါးခြမ်းကို ကွေးပြီး ကျန်တဲ့ထိပ်တစ်ဖက်ကို ကျန်တဲ့ခုတင်ဘောင်နဲ့ တွဲချည်လိုက်တယ်။ ခေါင်းရင်းကနေ ခြေရင်းထိ ငါးချောင်းချည်ပြီး သွားတဲ့အခါ ခုတင်ပေါ်မှာ ပေါင်းမိုးလေးတစ်ပုံ ပေါ်လာတယ်။ အဲဒီငါးချောင်းကို ကန့်လန့် ဖြတ်ပြီး ဝါးခြမ်းသုံးချောင်းနဲ့ တွဲချည်လိုက်ပြန်တယ်။ တော်တော်လေး တောင့် သွားပြီ။

နုရီကတော့ ကလေးဘေးမှ လှဲနေပြီး နားမလည်တဲ့မျက်နှာနဲ့ထွေးမောင်ရဲ့ လှုပ်ရှားမှုတွေကို လိုက်ကြည့်နေတယ်။ မိုးကလည်း နည်းနည်းပိုစိပ်လာတယ်။ ဖျာကြမ်းအစုတ်တစ်ချပ်ကို ပေါင်းမိုးပေါ်အုပ်ပြီး ချည်လိုက်ပြန်တယ်။ ဖျာကြမ်းပေါ်ကို ပလတ်စတစ် ဖြန့် အုပ်လိုက်တယ်။ ခြေရင်းက နည်းနည်းလိုနေတာကို မြွေရေခွံအိပ်ခွံနဲ့ အုပ်လိုက် တယ်။ ပြီးမှ နိုင်လွန်ကြိုးတွေနဲ့ အပေါ်ကနေ သိုင်းပြီး ချည်လိုက်တယ်။

ဈေးခြင်းတောင်း၊ ဆီအိုး၊ ဆားအိုး၊ ဆန်ပုံးတွေကို ခုတင်အောက်

သွင်းလိုက်တယ်။ အဝတ်အစားထည့်တဲ့ သံချေးတက်သေတ္တာကိုတော့ ခုတင် ခြေရင်းပေါင်းမိုးအောက် သွင်းလိုက်တယ်။ ပြီးတော့ နုရီ ဘေးကို ဝင်လှဲလိုက်

တယ်။ မိုးက တကယ်ရွာနေပြီ။ “ကဲ… လုံသွားပြီ မဟုတ်လား”

“ကြံကြံဖန်ဖန် လုပ်လည်းလုပ်တတ်တယ်”

“ခုလိုဆိုတော့ နင်နဲ့ငါ ချိန်းတွေ့တဲ့ညကို သတိမရဘူးလား”

“သွား……မျက်နှာရူး

ဒုရီရဲ့ ပြုံးစစမျက်နှာကို ကြည့်ရင်း ထွေးမောင် ဟက်ဟက်ပက်ပက် ရယ်လိုက်တယ်။

ဒါပေမယ့် ထွေးမောင်ရင်ထဲမှာ သိပ်သိချင်နေတာ တစ်ခုရှိတယ်။ လူတွေကို ဂူထဲကနေ ကွင်းပြင်ထွက်ပြီး အိမ်နဲ့ရာနဲ့ ဆောက်လုပ်နေထိုင်တတ် လာအောင် ဘယ်သူကစပြီး တွေးခေါ်ဦးဆောင်ခဲ့တာလဲ။ သူ ဘယ်သူလဲ။ ထွေးမောင် သိပ်သိချင်တယ်။ ဖြစ်နိုင်ရင် ဒီပုဂ္ဂိုလ်ကို တွေ့ချင်တယ်။ တွေ့ရရင် ထွေးမောင် ရင်ထဲမှာ ပြောစရာတွေ အများကြီးရှိတယ်။

ရွှေအမြုတေ ရုပ်စုံမဂ္ဂဇင်း၊ အမှတ် ၄၄၊ ဇွန်လ၁၉၉၃

ကိုချစ်

Be the first to comment

Leave a comment

Your email address will not be published.


*