သမိုင်းဦးဝေဒနာ အပိုင်း၂

ဆွဲခြင်းထဲက ထွေးမောင်ရဲ့ ရောင်းကုန်ပစ္စည်းတွေက မိုးထိလို့ မဖြစ် ဘူး။ ထိုးမုန့်၊ လမုန့်၊ ဒူးယားဘူး၊ မီးခြစ် ပြီးတော့ ခရီးသွားရင်းဖတ်ဖို့ ရုပ်ပြစာအုပ်၊ စတီရီယိုသီချင်းစာအုပ်၊ ဘုရားရှိခိုးနည်း၊ အန္တရာယ်ကင်း ဂါထာ စာအုပ်အမျိုးမျိုး၊ နောက် အိပ်ချင်ပြေ အချဉ်ထုပ်မျိုးစုံ၊ အချဉ်ထုပ်တွေကတော့ ကြိုးနဲ့သီပြီး ကိုယ်မှာ စလွယ်သိုင်းထားရတယ်။

အောင်သူ ကားထွက်သွားရင် မုံရွာကားဂိတ်ကို ဆက်ကူးပြီး ရောင်းဖို့ စိတ်ကူးရှိပေမယ့် မိုးက စိတ်မချရတော့ဘူး။ အောင်သူ ဂိတ်ကနေပဲ လှည့်ပြန် ရတော့မယ့် အခြေအနေပဲ။ မနက်အစောကြီးထ ဗန်းမော်သင်္ဘောအမီ ရောင်းပြီး ဒါးတန်းက လားရှိုးဂိတ်၊ မိုးကုတ်ကားဂိတ်၊ နောက် တောင်ကြီးကားဂိတ်၊ အဲဒီကမှ ညောင်ဦးနဲ့ ကျောက်ပန်းတောင်းဂိတ်၊ ထမင်းပြန်စားပြီး အခု အောင်သူ ဂိတ်၊ ဒီနေ့အဖို့ သိပ်တော့ မဆိုးလှဘူး။

ဆွဲခြင်းကို ကယ်ရီမှာ သေချာအောင် ညှပ်လိုက်ပြီး ပလတ်စတစ်နဲ့

လုံအောင်ပတ်လိုက်တယ်။ ပြီးမှ အပေါ်ကနေ နိုင်လွန်ကြိုးနဲ့ ပတ်ချီပြီး သော့ဖွင့် လိုက်တယ်။ မိုးကလည်း မည်းသထက် မည်းလာပြီ။ အိမ် အမြန်ရောက်မှဖြစ် မယ်။ ဆေးရုံက ဆင်းခဲ့တာ သုံးရက်ပဲ ရှိသေးတဲ့ နရီတို့သားအမိအတွက် ရင်ထဲမှာ အတော်ပူသွားတယ်။ နုရီက သွေးနုနုနဲ့ မိုးရေ လုံးဝထိလို့ မဖြစ်ဘူး။ အိမ်ကလည်း မိုးမလုံဘူး။ ညဆိုရင် ကြယ်မြင်လမြင်။ ပြီးတော့ သားဦးဆိုတော့

နုရီ နားလည်ပါ့မလား။ မိုးရေတို့ ဆပ်ပြာတို့နဲ့လည်း မတည့်ဘူးဆိုတာကို

ဆေးရုံကလည်း ကျန်းမာရေးကောင်းလို့ကတော့ မွေးပြီး နောက်တစ်ရက် ဆင်း

တော့ပဲ။ ဆေးရုံမှာဆိုရင် စိတ်ချသေးတယ်။ ထွေးမောင် စက်ဘီးခွထောက်ကို မ,တင်လိုက်ပြီး သုံးဆယ့်နှစ်လမ်း အတိုင်း အနောက်တည့်တည့် သွက်သွက်နင်းလိုက်တယ်။

ထွေးမောင်တို့ရွာက ပခုက္ကူနယ်ဘက်မှာ။ မိုးခဏခဏခေါင်တော့ ဘာမှ လုပ်စားလို့ မရတော့လောက်အောင် ဖြစ်တဲ့ပြင် နွားစာတောင်မှ အနိုင်နိုင်။ ဒီတော့ ကျောင်းထွက်ပြီး မြို့တက်လာခဲ့တယ်။ မန္တလေးဒေးဝန်းရပ်ထဲမှာ ရွာခံဆွေမျိုးနီးစပ်တစ်ဦး ရှိတယ်။ သူတို့က ထိုးမုန့်၊ လမုန့် လုပ်တော့ သူတို့ဆီကနေ မုန့်ယူရောင်းကြရတာပေါ့။

Be the first to comment

Leave a comment

Your email address will not be published.


*