မိန်းမတစ်ယောက်၏ ဆန်းကြယ်သော အချစ် အပိုင်း ၈

သတိရတဲ့အခါမှာတော့ အခန်းတစ်ခန်းကို ရောက်နေကြတယ်။ သူက “ဒါ ကိုယ်ပြောတဲ့အိမ်ပေါ့။ ဒီမှာ ကိုယ်တစ်ယောက်တည်း စာကျက်တယ်။ အိပ်တယ်”တဲ့။ သူက ပြောစရာ တွေကို မပြောသေးဘဲ Kitchenလို့ ယူဆရတဲ့ အနောက်ဘက်ကို ဝင်သွားပြီး Coffee ဖျော်သလို အသံကြားရပါတယ်။

သတိပြုမိတဲ့တိုက်ခန်းဟာ ကျယ်ဝန်း ပြီး ရှင်းလင်းနေတာပဲ။ ကျွန်မရှိနေတဲ့ ဧည့်ခန်းဆက်တီနဲ့ ကပ်လျက်မှာ စေ့ရုံ စေ့ထားတဲ့ တံခါးနဲ့ အခန်းကို ခြေလှမ်းများက အလိုလို ဦးတည်မိသွားပါတယ်။ တံခါးကို အသာတွန်းလိုက်တော့ ကျယ်ပြန့်တဲ့ ခုတင်ပေါ်မှာ သန့်ရှင်းတဲ့ အိပ်ရာ နဲ့ အိပ်ရာဘေးက စာကြည့်စားပွဲနဲ့ မှန်တင်ခုံကို တွေ့ရတယ်။

မှန်တင်ခုံနား သွားမိတော့ ခေါင်းအုံးဘေးမှာ ရှိနေတဲ့ မဂ္ဂဇင်းစာအုပ်ကို တွေ့လိုက်ရတာ ကျွန်မ တုန်လှုပ်သွားရတော့တယ်။ သေချာအောင် သိနေတဲ့စာမျက်နှာကို လှန် လိုက်တော့ ကျွန်မနာမည်နဲ့ ရေးထားတဲ့ဝတ္ထုတိုကို မမှားနိုင်အောင် တွေ့လိုက်ရ တယ်။

အဲဒီအခိုက်မှာ တံခါးဝမှာ လက်ပိုက်ပြီး တံခါးဘောင်မှာ ကိုယ်ကို လျော့မှီ၍ ကျွန်မ၏ လုပ်ရပ်ကို အေးလူစွာ ရပ်ကြည့်နေတဲ့ သူ့ကို မြင်လိုက်ရ တော့ သူခိုးမိသလို ခံစားလိုက်ရပြီး ဟန်မပျက် စာအုပ်ကိုသာ အသာချလိုက် ပါတယ်။ အခန်းထဲက ထွက်မယ် ကြိုးစားဖို့ကြံလိုက်တော့ ကျွန်မ စိတ်ကူးကို ကြိုသိနေပုံရတဲ့ သူက တံခါးကို ပိတ်လိုက်ပါတယ်။

အဲဒီအတွက် ကျွန်မစိတ်တွေ သိပ်လှုပ်ရှားသွားရတာပေါ့။ သဘာဝကျကျ ပြောရရင်တော့ သူ အခွင့်ကောင်း ယူမှာကို စိုးရိမ်လို့ မဟုတ်ဘူး။ ထိပ်တိုက်ရင်ဆိုင်ရမယ့် အချိန်ကျနေပြီဆိုတာ သိလို့ပါ။ ကျွန်မလည်း အပြင်မှာ ကော်ဖီသွားသောက်ရအောင်လို့ ခြောက်သွေ့သွေ့ အသံနဲ့ ပြောလိုက်မိတယ်။

ဒါကို သူက မထီသလို ဟက်ခနဲတစ်ချက် ရယ် လိုက်ပြီး ကော်ဖီကို ကျွန်မ စိတ်မဝင်စားပါဘူးလို့ ဆိုလာတယ်။ ပြီးတော့ ကျွန်မရဲ့အပြစ်ရှိသလို ခံစားနေရတဲ့ ပုံစံကို ထပ်ဟပ်စေတဲ့ မျက်ဝန်းတွေကို စေ့စေ့ကြည့်ပြီးတော့ Am I the Character? ကျွန်မဝတ္ထုထဲက ဇာတ်ကောင်ဟာ သူပါလားလို့ ပွင့်လင်းစွာ မေးလာပါတော့တယ်။

ကျွန်မ ဖြေရခက်မယ် ဆိုတာ ကိုလည်း သိနေရက်၊ ကျွန်မချစ်တာကိုလည်း သိနေရက်နဲ့ ဒီလို မေးလာတော့ ရက်စက်လွန်းတဲ့ သူ့ကို ဖြေစရာမရှိဘဲ ရှက်စိတ်၊ ဝမ်းနည်းစိတ်ကသာ မွှန်ထူ နေလို့ ရှင် သိပ်ရက်စက်တာပဲ”လို့ ပြောရင်း သူ့ကို စွဲချက်တင်မိပါတယ်။ သူက ကျွန်မကို ဘာမှပြန်မပြောပေမယ့် သိမ်းဖက်ပြီး သူ့အိပ်ရာဆီကို ခေါ်ယူ သွားပါတယ်။

Be the first to comment

Leave a comment

Your email address will not be published.


*