မိန်းမတစ်ယောက်၏ ဆန်းကြယ်သော အချစ် အပိုင်း ၇

ကျွန်မရဲ့ ကိုယ်ပိုင်မျက်လုံးတွေတောင် မှားများနေသလားလို့ မယုံနိုင် ဖြစ်သွားရတယ်။ ကျွန်မ အမြဲတွေ့ချင်နေတဲ့ စိတ်ကူးနေရတဲ့ သူကို တိုက်တိုက် ဆိုင်ဆိုင် လာဆုံနေလို့ပေါ့။ ရက်စက်စိမ်းကားလွန်းသူကို နဖူးတွေ့ ဒူးတွေ့ ရင်ဆိုင်လိုက်ရတော့ ဘာမှမပြောနိုင်အောင် ဆွံ့အသွားမိတယ်။

သူကတော့ မရယ်မပြုံး မျက်နှာထားနဲ့ “Hi” လို့ စတင်နှုတ်ဆက်ပါတယ်။ သူ့မျက်နှာကို မြင်လိုက်ရတာနဲ့ သူဟာ ကျွန်မကို စိတ်ဆိုးနေတယ်။ မကျေမနပ် ဖြစ်နေတယ် ဆိုတာကို သိလိုက်ရလို့ အပိုစကားတွေ ဘာမှမပြောနေတော့ပါဘူး။ တကယ်တော့ သူ့ကို သိပ်တွေ့ချင်၊ သိပ်စကားပြောချင်တာပါ။

ဖုန်းခေါ်လို့ သူ မရှိရင် ဖုနးဘေး မှာ ငူငူငိုင်ငိုင်ထိုင်ပြီး ဘာမှ လုပ်ချင်စိတ်မရှိတော့အောင် နုံးချိတွေဝေသွားလေ့ ရှိတဲ့ ကျွန်မက ခုတော့ သူ့ရဲ့မျက်လုံးစိမ်းတွေကိုပဲ ငေးနေမိပါတယ်။ သူကတော့ ပြတ်သားပါတယ်။

သူ့ရဲ့ Jet Hair တွေကို တစ်ချက်သပ်လိုက်ပြီးတော့ “ပြောစရာရှိလို့ တစ်နေရာခဏသွားမယ်” လို့ ခပ်ပြတ်ပြတ်ပဲ ပြောပါတယ်။ ကျွန်မက အားနာ တတ်သူ မဟုတ်သလို စိတ်ပျော့လွန်းသူလည်း မဟုတ်ပါဘူး။ အမိန့်ပေးတတ်သူ ကို မကြိုက်သလို ကျွန်မကိစ္စကိုသာ ရှေ့တန်းတင်တတ်မှုကို မကြာခဏ ဂုဏ်ယူ လေ့ ရှိပါတယ်။

သူနဲ့ဆိုရင်တော့ Lionel Richieရဲ့ သီချင်းထဲကလို My wish is your Command လို့ပဲပြောရမလားပဲ။ သူကတော့ ရှင်းစရာရှိရင် ချက်ချင်း ရှင်းမယ်ဆိုတဲ့ ပုံစံနဲ့ မိုးစဲအောင်လည်း မစောင့်ပါဘူး။ မမီတဲ့အရပ်နဲ့ သူ့ကို ထီးမိုးပေးတော့လည်း ကျွန်မ စိတ်ကူးယဉ် အိပ်မက်ထဲကလို Lady First ဆိုတဲ့ ပုံစံနဲ့ ထီးယူမိုးပေးဖို့တော့ ဝေးလို့ပေါ့။

ကျွန်မရဲ့တိတ်ဆိတ်နေမှုဟာ အဆမတန် စိတ်လှုပ်ရှားမှုလို့ သူ နည်းနည်း သတိပြုမိသွားသလားတော့ မသိဘူး။ “ပြောစရာ တွေ ရှိနေတယ် ဘာတွေလဲလို့ မမေးတော့ဘူးလား” လို့ ပြောပါတယ်။ ကျွန်မက တော့ သူ ရန်တွေ့မှာ၊ မုန်းတီးမှုတွေ ထပ်ဆောင်းလာတာ စသဖြင့်တွေကို သို့လော သို့လော တွေးနေမိလို့ ဦးတည်ရာမဲ့ တိမ်တိုက်ထဲ လမ်းလျှောက်နေရ သလို ဖြစ်နေပါတယ်။

သူ ပြောတာကိုတောင် မကြားနိုင်ဖြစ်နေလို့ သူ ရိပ်မိ သွားပါတယ်။ ကျွန်မကို လှမ်းကြည့်လိုက်စဉ်မှာ သူ့ရဲ့သနားရိပ် သမ်းသလို မျက်ဝန်းကို လှစ်ခနဲ မြင်လိုက်မိသလိုပဲ။ ကျွန်မ ဘယ်လိုဖြစ်သွားမှန်း မသိဘူး။ ရင်ထဲမှာ ဝမ်းနည်းမှုနဲ့ လှိုက်ဆို့လာတော့တယ်။ မျက်ဝန်းက မျက်ရည်တွေ ပြည့်လျှံလာတာ သူ မမြင်အောင် ခေါင်းကို ငုံ့ထားမိတယ်။

Be the first to comment

Leave a comment

Your email address will not be published.


*