တစ်ခါက သူ့ကို ဖုန်းဆက်တာ သူ အပြင်သွားနေလို့ သူ့အစ်ကိုကြီးက ကျွန်မနဲ့ ဖော်ဖော်ရွေရွေ ပြောတာကို ပြန်သိသွားသလား မသိဘူး။ စိတ်ဆိုးပုံရတယ်။ သူ့အစ်ကိုလတ်ကလည်း ကျွန်မမောင်လေးနဲ့ ငယ် သူငယ်ချင်းဆိုတော့ ကျွန်မအပေါ် သံယောဇဉ်တစ်စွန်းတစ်စ ရှိပုံပဲ။
သူတို့ ညီအစ်ကို လေးယောက်လုံးဟာ တစ်နှစ်စီသာ ကွာခြားကြပြီး ဆေးကျောင်းသား များ ဖြစ်ကြသလို Englishလည်း သိပ်ကောင်းကြပါတယ်။ ဒါကိုလည်း ကျွန်မ အထင်ကြီးမိတာ အမှန်ပါပဲ။နောက်ဆုံးမှာတော့ ကျွန်မ သူနဲ့ ဖုန်းပြောခြင်း၊ တွေ့ဆုံဖို့ ကြိုးစားခြင်း အားလုံးကို ရပ်ဆိုင်းခဲ့တယ်။
အိမ့်ရဲ့ စိတ်ထိခိုက်ကြေကွဲမှုကို မလိုလားလို့ပါ။ ဒီအတွက် ကျွန်မဟာ ကိုယ့်ကိုယ်ကိုယ် ဒဏ်ခတ်ထားခံရသူလို ခံစားရပါတယ်။ တစ်ခါတစ်ခါ ကိုယ့်ရဲ့ဆန္ဒတွေကို မျိုသိပ်ရလွန်းလို့ ကျိတ်ငိုမိတာပေါ့။ သူ့ကိုလေ ကျွန်မရဲ့စိတ်ညစ်ရတာတွေ၊ အလုပ်မှာ အဆင်မပြေတာတွေ၊ ပျော်ရွှင်ရတာတွေ၊ အောင်မြင်မှု ဆုံးရှုံးမှုတွေနဲ့ လျှို့ဝှက်ချက်တွေကို ပြောပြရဲခဲ့တယ်။
သူက ကျွန်မ ရဲ့ မပျော်ရွှင်နိုင်မှုနဲ့ ဆုံးရှုံးမှုများအတွက် အထင်သေး နှိမ့်ချမှုမရှိသလို အောင်မြင် မှုများအတွက်လည်း ဂုဏ်ယူစကား ပြောတတ်သူပါ။ စိတ်ပျော်လာအောင်လည်း ပြောင်းလဲဖြေသိမ့်ပေးနိုင်စွမ်း ရှိသူပေါ့။ ကျွန်မ စိတ်ပျော်နေတာကို စိတ်ညစ် သွားအောင်လည်း စက္ကန့်ပိုင်းအတွင်း အရူးလုပ်တတ်တာလည်း တစ်ခါတလေ ရှိသေးတယ်။
ကျွန်မနဲ့ သူ အချိန်တော်တော်ကြာဝေးနေခဲ့ရာက စကားပြန်ပြောဖြစ် တော့လည်း ကျွန်မအပေါ်ထားတဲ့ သူ့ရဲ့စိတ်ဓာတ်ကို ပြောင်းလဲသွားခဲ့ပုံ မရပါ ဘူး။ အရင်ကလို ချိုသာစွာနဲ့ လွတ်လပ်ပေါ့ပါးစွာ ပြောနေခဲ့တာပဲ။ ကျွန်မဘက် ကတော့ ရိုးသားစွာ စကားပြောတာလို့ပဲ တွေးမိပေမယ့် သူ့ကို ဖုန်းခေါ်ဖို့ တော်တော်ဝန်လေးမိတယ်။
အိမ့်အပေါ် သစ္စာဖောက်မိသလို ခံစားမိလို့ပေါ့။ ကျွန်မကိုယ်တိုင်ကို ဆက်လက်ဒဏ်ခတ်ထားပေမယ့်လည်း သူက ကျွန်မရဲ့ရင်ထဲ မှာ အတွေးထဲမှာ ရင်းနှီးတဲ့သူတစ်ဦးအနေနဲ့ အမြဲရှိတာပါပဲ။ တစ်ခါတစ်ခါ တော့ကိုယ့်ကိုယ်ကိုယ်လည်း သူ့သွားရည်နဲ့သူ ကျေနပ်နေတဲ့ ခွေးကလေးလို ခံစားမိပါတယ်။
သူ့အကြောင်း စိတ်ကူးနေခြင်းဖြင့် သူ့အပေါ် ခင်မင်စွဲလမ်းမှုကို အမြဲ ထိန်းသိမ်းထားနိုင်တယ်ဆိုလည်း မမှားပါဘူး။ အထီးကျန်ဘဝမျိုး ခံစားနေရတဲ့ အခါမှာတော့ ကျွန်မရဲ့ရည်းစားတွေကို လုံးဝမေ့နေတတ်ပြီး သူ့ကိုပဲ တမ်းတမိပါတယ်။
Be the first to comment