မိန်းမတစ်ယောက်၏ ဆန်းကြယ်သောအချစ် အပိုင်း ၃

(ဥပမာ- အသေးအမွှားကိစ္စတစ်ခုဖြစ်တဲ့ သီချင်းနားထောင်တဲ့ ကိစ္စမှာ ဆိုကြပါစို့။ သူငယ်ချင်းတော်တော်များများက ကျွန်မကြိုက်တဲ့ အဖွဲ့တွေ၊ အဆို တော်တွေ၊ သီချင်းတွေကို တချို့ကဖြင့် ကြားတောင်မကြားဖူးဘူး။ ကြားဖူးတဲ့ သူကလည်း ဘာမှမခံစားမိဘူး။ မကြိုက်ဘူးပေါ့)

သူကတော့ အဲဒီအကြောင်း အရာတွေနဲ့ ပတ်သက်လာရင် ကျွမ်းကျင်ပိုင်နိုင်စွာ ဆွေးနွေးနိုင်တဲ့သူ ဖြစ်တယ်။ အကြိုက်ချင်းလည်း တူနေတတ်ပြန်တယ်။ တူခဲ့ရင်လည်း သူ့ယူဆချက်ကသာ မှန်ကန်ကြောင်း မဖြစ်မနေ ချိုချိုသာသာနဲ့ပဲ အနိုင်ပိုင်းရှင်းပြဝေဖန်တတ်တဲ့ အကျင့်ရှိတယ်။ ကျွန်မကတော့ သူနဲ့စကားပြောတဲ့အခါ ရိုးသားပွင့်လင်းစွာ ပြောလေ့ရှိပေမယ့် သူကတော့ ကျွန်မရဲ့ Tue Colour(စရိုက်မှန်)ကို ဘယ်တော့ မှ သိမှာမဟုတ်ဘူးလို့ ပြောတယ်။

“မိန်းကလေးတွေဟာ မေးခွန်းသုံးခုကို အမှန်မဖြေကြဘူး။ ဆံပင်အရောင်အစစ်ရယ်၊ အသက်ရယ်၊ ရည်းစားရှိလားဆိုတဲ့ မေးခွန်းရယ်” တဲ့လေ။ သူနဲ့စကားပြောရတဲ့အခါ အဲလိုပျော်ရွှင်စရာကောင်းတဲ့ အချိန်တွေ အမြဲရှိခဲ့ပါတယ်။ သူဟာ ကျွန်မကို ဘယ်လိုစကားပြောရမယ်ဆိုတာ ကို သိနေသလို ဆွဲဆောင်နေတဲ့အသံမျိုးနဲ့လည်း တမင်လုပ်ပြောတတ်သေးတယ်။

ကိုယ့်ဘက်ကို ယက်တယ်လို့တော့ မထင်မိပါဘူး။ ဒါပေမယ့် သူ့မှာ မိန်းကလေး အပေါင်းအသင်းရှားမယ်လို့ ယူဆနိုင်တဲ့အတွက် ဒီလိုလေသံမျိုးနဲ့ လူတိုင်းကို ပြောမယ်လို့တော့ မထင်ပါဘူး။

တကယ်တော့ ကျွန်မထက် သူဟာ အသက် ၁၀ နှစ်လောက်တောင် ငယ်တယ်။ ဒီအချက်ကိုလည်း သူက ၈ နှစ်လို့ အတိအကျပြန်ပြင်ပေးလေ့ ရှိတယ်။ ဒါပေမယ့် သူက သိပ်ရင့်ကျက်တဲ့သူပါ။ သူနဲ့စကားပြောရတာ ကျွန်မရဲ့ ရည်းစားတွေနဲ့ စကားပြောရတာထက်တောင်မှ ကြည်နူးစရာကောင်းသေးတယ်။

ကျွန်မရဲ့ရည်းစားတွေအကြောင်းတော့ သူ လုံးဝမမေးပါဘူး။ ပြီးတော့ ကျွန်မက လေ လူတွေရဲ့အသံကို သိပ်မမှတ်မိတတ်ဘူး။ သူ့ရဲ့အသံကိုတော့ မြန်မာလိုပဲ ဖြစ်ဖြစ်၊ အင်္ဂလိပ်လိုပဲဖြစ်ဖြစ် လုံးဝမမှားယွင်းပါဘူး။ စွဲလမ်းမှုဖြစ်မယ် ထင်တယ်။

Be the first to comment

Leave a comment

Your email address will not be published.


*