တကယ်တော့လေ… သူက ကျွန်မအပေါ် သစ္စာစောင့်ထိန်းခဲ့တာ မဟုတ်ပါဘူး။ သူ့ရဲ့ ပင်ကိုယ်စရိုက်ကိုက မလိုအပ်ဘူးလို့ ယူဆရင် ဘယ်သူ့မှ ထုတ်ဖော်မပြော တတ်တာမျိုးပါ။ အိမ့်ကတော့ သူ့အကြောင်း ကျွန်မ သိပ်မသိပါဘူးလို့ အမြဲပြောပါတယ်။
ကျွန်မ အထင်ကတော့ သူ့ကို ကျွန်မက အိမ့်ထက် ပိုမသိရင်သာနေမယ်။ ပိုတော့ နားလည်တယ်လို့။ သူ့ကို ပိုသိလာအောင် ပိုနားလည်လာအောင် ကျွန်မ ဘယ်တုန်းကမှ ကြိုးစားဖို့ မလိုခဲ့ပါဘူး။ ဒါပေမယ့် တဖြည်းဖြည်းချင်းတော့ လည်း သူဟာ ဘယ်လိုလူဆိုတာကို တွေးကြည့်တတ်လာတာပေါ့။
သူနဲ့ မဆုံ တွေ့ဖူးခင် အိမ့်က သူ့အကြောင်းကို ထပ်ခါတလဲလဲ ပြောပြခဲ့စဉ်ကတော့ သူဟာ ဘယ်လိုလူစားပါလိမ့်လို့ ခွဲခြားပိုင်းဖြာ ကြည့်မိချင်တဲ့စိတ် ဖြစ်ခဲ့ဖူးတယ်။ ဘာဖြစ်လို့လဲဆိုတော့ အိမ့်ပြောတာ နားထောင်ကြည့်ရတာ သူဟာ အနည်းငယ် ထူးဆန်းပြီး ဆွဲဆောင်မှု အလွန်ရှိမယ့် လူတစ်ယောက်လို့ နားလည်ခဲ့လို့ပါပဲ။
(နောက်ပိုင်း သူ့ကို ကျွန်မက နားလည်ရအခက်ဆုံး လူလို့ အမည်တပ်တော့ သူ့ရဲ့ အိပ်ချင်နေပုံပေါက်တဲ့ Garfieldလို ရီဝေဝေမျက်လုံးတွေကို မှေးစင်းလို့ ညင်သာတိုးညှင်းစွာ ရယ်မောနေခဲ့ဖူးတယ်။ အဲဒီပုံစံကလည်း သိပ်ကို စွဲမက် စရာ ကောင်းတာပေါ့)
အပြီးသတ်ကျတော့ သူဟာ မာနကြီးသော၊ ခပ်တည် တည်နေတတ်သော၊ သူတစ်ပါးပေါ် လွှမ်းမိုးချင်တဲ့ စိတ်ရှိသော၊ ကိုယ့်ကိုယ်ကိုယ် ယုံကြည်အားထားလွန်းသော လူတစ်ယောက် သက်သက်မျှသာ ဖြစ်ပါတယ်။ တစ်ခါကတောင် သူကိုယ်တိုင် ဝန်ခံဖူးသေးတယ်သူဟာ အလွန် တစ်ကိုယ်ကောင်း ဆန်တာလို့။
ကျွန်မက သူငယ်ချင်းဆိုရင် ရွေးပေါင်းတတ် လို့ သူငယ်ချင်း သုံးလေးယောက်ထက် ပိုရှိတော့မှာ မဟုတ်ဘူးလို့ ဝေဖန်ခဲ့ ပါတယ်။ ကျွန်မကတော့ လူတွေကို သိပ်အဆင်ပြေအောင် ပေါင်းတတ်တာ မဟုတ်ပေမယ့် ခင်မိသွားရင်တော့ တမ်းတမ်းစွဲ ခင်တတ်တဲ့ စိတ်ရှိပါတယ်။ သူကတော့ သိပ်ခင်တယ်ဆိုတဲ့ အိမ့်ကိုတောင်မှ တည့်တည့်တွေ့တာ တောင် တစ်ချက်ပဲ ကြည့်ပြီး နှုတ်မဆက်ဘဲ ဆက်လျှောက်သွားတတ်သူမျိုးပေါ့။
အိမ့်က လိုက်ခေါ်ရတယ်။ ဘာလဲဆိုတော့ စပြီး နှုတ်ဆက်ရတာကို အောက်ကျ တယ်လို့ မာနမောက်တဲ့သူပေါ့။ အဲဒီလို လူကိုပဲ ဘာလို့ ထူးထူးခြားခြား ခင်မင်နေမိသလဲလို့ တွေးလို့မရဘူး။ ကျွန်မရဲ့မိတ်ဆွေ အပေါင်းအသင်း လုပ်ဖော် ကိုင်ဖက်တွေဟာ ကျွန်မစိတ်ဝင်စားတဲ့ အကြောင်းအရာ တော်တော်များများမှာ စိတ်ဝင်စားမှု မရှိကြတဲ့အပြင် စိတ်ဝင်စားတာချင်းလည်း မတူလှဘူး။
Be the first to comment