ဆိုင်ပြင် ရောက်လို့ ဆိုင်ထဲ အသာလှည့်ကြည့်လိုက်တော့ ဦးဘိုနီ ပက်လက်ကုလားထိုင်ပေါ်မှာ လက်နှစ်ဖက်ကွေးပြီး ခေါင်းအောက်မှာ ခံရင်း ဇိမ်ယူနေတဲ့ပုံကို မြင် လိုက်ရသေးတယ်။
အိမ်ရောက်လို့ ခေါက်ဆွဲထုပ်ဖြေရင်း အဖေ့ကို ပြန်ပြောပြတော့ အဖေက ရယ်တယ်။
“အဲဒါ သူ့အဖေ ဦးသာအေးနဲ့ တစ်ပုံတည်းကွ။ သူ့အဖေတုန်းကလည်း ငါ့သားပြောတဲ့ ပက်လက်ကုလားထိုင်မှာ ထိုင်ပြီး အရက်သောက်ခဲ့တာပဲ။ ဦးသာအေးက အောက်တန်းရှေ့နေ။
အဖေတို့ခေတ်က ခုနစ်တန်းအောင်ရင် အောက်တန်းရှေ့နေ ဖြေလို့ရတယ်ဦးသာအေးက ရှေ့နေသာ လုပ်တာ။ နားက အင်မတန်လေးတာ။ တစ်ခါ ရုံးတော်က သူ့အမှုသည်ကို တရားသေလွှတ် တယ်လို့ အမိန့်ချ တာ ဦးသာအေး ဘယ်လိုကြားတယ် မသိပါဘူးကွာ။
တရားသူကြီးမင်း ခင်ဗျား၊ ကျွန်တော်မျိုး ရိုသေစွာ လျှောက်ထားပါရစေ။ ကျွန်တော်မျိုးရဲ့ အမှုသည်ကို ထောက်ထားစာနာသောအားဖြင့် ကြိမ်ဒဏ်များ ပေးသနားသင့်ပါ တယ်လို့ လျှောက်လို့ တစ်ရုံးလုံး ရယ်လိုက်ကြတာ။
တောက အမှုသေး အမွှား တွေ လာအပ်ကြတာပေါ့ကွာ။ ညနေ ရုံးဆင်းရင် လျောင်တိတ်ဆိုင် ဦးသာအေး ရောက်ပြီ။ ငါ့သားပြောတဲ့ ပက်လက်ကုလားထိုင်ကြီးပေါ် ထိုင်ပြီး တစ်ဆိုင်လုံး လာသမျှသူတွေကို အပေါ်စီးကြီးနဲ့ပေါ့ကွာ”
ဦးလျောင်တိတ်က စားပွဲမှာထိုင်ဖို့ မပြောဘူးလား အဖေရ “ဘယ်ပြောမလဲကွာ။ သူ့ အမြဲတမ်း ဖောက်သည်ကြီးပဲ။ နောက်ပြီး ယစ်မျိုးလေး ဘာလေးဆိုရင်လည်း သူရှိတော့ အားကိုးရတာပေါ့။
အမိန့်တော် ရမင်း ကိုယ်တိုင် သောက်နေတဲ့ ဆိုင်ပေါ့ကွာ။ ဦးသာအေးကလည်း လျောင်တိတ် ပက်လက်ကုလားထိုင်ကို ထိုင်ပြီးတော့ အရက်သောက်ရတာကို ဂုဏ်သိပ်ယူ တာကွ ငါ့သားရ။ လျောင်တိတ်ရဲ့ အထူးဧည့်သည်တော်ပေါ့ကွာ။
တောက လူတွေကလည်း ပက်လက်ကုလားထိုင်ကြီးနဲ့ ဆိုင်အလယ်မှာ အရက်သောက်နေ တဲ့ အမိန့်တော်ရကြီးဆိုပြီး အထင်ကြီးဟန်ရှိပါတယ်။ အမယ် တစ်ခါတစ်ခါ ဆိုင်ထဲမှာတင် အမှုလက်ခံလိုက်ရတာတွေ ရှိတယ်။ ဆိုင်ထဲမှာ အမှုအပ်လို့က တော့ လျောင်တိတ်ဆိုင် အရှေ့ခုနစ်အိမ် အနောက်ခုနစ်အိမ် အကုန်ကြားရတယ်။
အော်ပြောရတာကိုးကွ။ ဦးသာအေး သေတော့လည်း ဒီအရက်နဲ့ သေတာပါပဲ။ ဆိုင်က အပြန် လမ်းဘေးလဲသေတာပဲလေကွာ။
Be the first to comment