စာရေးသူ အောင်ကျော်ထိုး
အဲဒီပက်လက်ကုလားထိုင်က ဦးလျောင်တိတ် ထိုင်နေတဲ့ ကောင်တာရဲ့ ညာဘက်ဘေးမှာ။ ကောင်တာက ဆိုင်ခန်းရဲ့ အလည်မကျတကျဆိုတော့ ပက်လက်ကုလားထိုင်က လျောင်တိတ်စားတော်ဆက်ရဲ့ အလယ်တည့်တည့်မှာပဲ။ ကုလားထိုင်ပေါ်က ထိုင်ရင်း ကြည့်ရင်း စားသောက်နေတဲ့သူတွေ အားလုံးကို မြင်ရတယ်။
ပက်လက်ကုလားထိုင်ဆိုပေမယ့် သိပ်သားသား နားနားကြီးလည်း မဟုတ်ပါဘူး။ သစ်မာသားနဲ့ လုပ်ထားပြီး ကုလားထိုင်အခင်းကိုတော့ ခဏခဏ မပြဲမစုတ်အောင် တာလပတ်စနဲ့ လုပ်ထားတယ်။
ကျွန်တော် ဆိုင်ထဲဝင်သွားတော့ လူတော်တော် များနေပြီ။ စားပွဲတိုင်း လူတွေရှိတယ် ဆိုပါတော့။ အရက်ပုလင်း တွေ ထောင်လို့။ ဦးလျောင်တိတ်ဆိုင်က အရက်ပါ ရောင်းတာကိုး။ အရက်ဆိုပေ မယ့် ရမ်တို့၊ ဂျော်နီ လမ်းလျှောက်တို့ မဟုတ်ပါဘူး။
လာသောက်တဲ့လူတွေက လည်း မသောက်နိုင်ကြဘူးလေ။ နွားဈေးပြန်တဲ့ တောက လူတွေနဲ့ မြို့ပေါ်က အရက်သမားလို့ သတ်မှတ်ထားကြတဲ့သူတွေပဲ လာတတ်ကြတာပဲ။ (မြို့က ငယ်တော့ ဘယ်သူအရက်စွဲနေပြီ၊ ဘယ်ဝါရဲ့သားက အရက်သောက်တတ်နေပြီ ဆိုတာ သိကြတယ်) ဒါကြောင့် လျောင်တိတ်ဆိုင်ထဲ ဝင်သွားပြီဆိုရင် ပတ်ဝန်း ကျင်က စူးစမ်းတဲ့မျက်လုံးတွေနဲ့ ကြည့်နေတတ်တယ်။
အရက်သောက်နေတာများ မြင်လို့ကတော့ နောက်နေ့ဈေးထဲမှာ ဘယ်သူ့သား အရက်သောက်တတ်နေပြီ တော့။ အင်းလေ၊ မထူးဆန်းပါဘူး။ သူ့အဖေကလည်း အရက်သမားပဲ။ ဒါမှ မဟုတ် ဖြစ်မှဖြစ်ရပလေ။ သူ့အဖေ ဒီအရွယ်က အားကစားသမားပါ။ ဘာလို့များ မဆုံးမကြပါလိမ့်နဲ့ သတင်းထူး သတင်းဆန်းကြီးကို ဖြစ်လို့။
ဒါ့ကြောင့် လျောင်တိတ်ဆိုင်ထဲ အကြော်အလှော်တစ်ခုခု ဝယ်ဖို့သွားရင် ဆိုင်ဝက အကျယ် ကြီး အော်မှာရတယ်။ ဒါမှ ပတ်ဝန်းကျင်က အရက်သောက်ဖို့ လာတာမဟုတ် မှန်း သိမှာ။ ကျွန်တော်လည်း အဲဒီနည်းအတိုင်း ခေါက်ဆွဲကြော် ကြက်သားနဲ့ တစ်ထုပ်လို့ လှမ်းအော်လိုက်တယ်။ ဒါပေမယ့် ဆိုင်ထဲမှာ လူတွေစည်ပြီး အသံ တွေက ကျယ်နေတော့ ဦးလျောင်တိတ် ကြားဟန်မတူဘူး။ ဒါကြောင့် ကောင်တာ နားအထိ သွားပြီး ပြောရတယ်။
Be the first to comment